နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှုနှင့် စွပ်စွဲကာ တရားစွဲဆိုထားမှုတွင် ဦးဖြိုးမင်းသိန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်က လာမည့်နိုဝင်ဘာ ၅ ရက်နေ့ရုံးချိန်းတွင် သက်သေထွက်ဆိုမည်ဖြစ်ကြောင်း ရှေ့နေတဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လက်ခံရယူခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုဖြင့် တရားစွဲခံထားရခြင်းဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်ပြီး ကာယကံရှင်ဖြစ်သူ ဦးဖြိုးမင်းသိန်းက တရားရုံးတွင် လာဘ်ပေးခဲ့ကြောင်း ကိုယ်တိုင်ထွက်ဆို ထားပြီး ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်ချက်များအား ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံပေးစေရန်အတွက် ပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်းလည်း ဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား လာဘ်ပေးခဲ့ကြောင်း သက်သေထွက်ဆိုသည့် ဦးဖြိုးမင်းသိန်းသည် အာဏာသိမ်းစစ်ကောင်စီ လက်အောက် ဖမ်းဆီးထိန်းချုပ်ခံထားရဆဲ အခြေအနေ၌ လာရောက်ထွက်ဆိုခဲ့ခြင်းလည်းဖြစ်သည်။
ဦးဖြိုးမင်းသိန်း၏ သက်သေထွက်ဆိုချက်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “All absurd” (အဓိပ္ပါယ်မရှိ မဟုတ်တမ်းတရားတွေ) ဟု မှတ်ချက်ပြုထားပြီး ဦးဖြိုးမင်းသိန်းအနေဖြင့် ပေးစရာအကြောင်းမရှိသလို ၎င်းအနေဖြင့် ယူစရာအကြောင်း မရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများအား ပြောထားသည်။
ယနေ့ရုံးချိန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍စစ်ဆေးရာတွင် နေပြည်တော်၊ လရောင်တောစီမံကိန်းရှိ အဆောက်အဦးနှင့်ပတ်သက်သည့်အမှုမှ တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးအရာရှိ ဦးရဲထက်အား စစ်ဆေးခဲ့သည့်အပြင် နေပြည်တော်စည်ပင်ပိုင် မြေယာများနှင့် ပတ်သက်သည့်အမှု ၂ မှုတွင်လည်း တရားလိုပြသက်သေဖြစ်သူ နေပြည်တော်စည်ပင်၊ မြေယာဌာနမှူးဟောင်း ဦးစိုးနိုင်အား စစ်ဆေးခဲ့သည်။
စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ကောင်စီလက်အောက် ဖမ်းဆီးထိန်းချုပ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှု ၁၁ မှုဖြင့် တရားစွဲဆိုခြင်းခံထားရပြီး ၎င်း၏ရှေ့နေအဖွဲ့ဝင် ၅ ဦးမှာလည်း ပြည် တွင်းပြည်ပ အဖွဲ့အစည်း၊ မီဒီယာများနှင့် အမှုအကြောင်း ပြောဆိုဖြေကြားခွင့် ပိတ်ပင်ခံထားရသည်။
You may also like these stories:
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတကြီးတို့ အမှု နိုင်ငံသားတွေ သိခွင့်ရှိတယ်
ဒေါ်အောင်ဆန်းစုကြည် အမှုများ ပြည်သူမသိစေဖို့ ရှေ့နေတဦးကို ပြောဆိုခွင့်ထပ်ပိတ်
ဒေါ်အောင်ဆန်းစုကြည်အမှု စာအုပ်ကြည့်ဖတ် ထွက်ဆိုခြင်း မလုပ်ဖို့ တရားလိုကို တားမြစ်