ပဲခူးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ တပ်မ (၇၇) က ၎င်းတို့ကို ထောက်ခံသည့် ပဲခူးမြို့ခံအချို့အား ပျူစောထီး အဖွဲ့ဝင်များအဖြစ် လူ ၇၀ ခန့်ကို အောက်တိုဘာလ ၂၄ ရက်ကတည်းက စတင်ကာ စစ်သင်တန်းပေးနေကြောင်း ပဲခူးမြို့ဒေသခံများက ပြောသည်။
ပဲခူးမြို့ ဖက်တန်းလမ်းမရှိ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၏ အရှေ့တွင် ရှိသော ရဟတ်ယာဉ်ကွင်းတွင် စစ်သင်တန်းပေးနေခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့သူ တချို့က ဧရာဝတီသို့ ပြောသည်။
ပဲခူးမြို့ဒေသခံ တဦးက “၅ ရက်လောက်ရှိသွားပြီ သူတို့ သင်တန်းပေးတာ။ သူတို့လေ့ကျင့်တဲ့ အသံတွေလည်း ကြားတယ်။ အဲဒီနားကို ကိစ္စတခုနဲ့ရောက်တော့ လှမ်းတွေ့လိုက်တာပါ။ သူတို့ ကို သင်တန်းပေးနေတာတော့ ပျောက်ကြား ဝတ်စုံတွေနဲ့ တပ်မ ၇၇ က စစ်သားတွေ” ဟု ဆိုသည်။
သင်တန်းတက်နေသူများမှာ အမျိုးသားများဖြစ်ပြီး ပဲခူးမြို့ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပဲခူးမြို့ခံ စစ်မှုထမ်းဟောင်းဖြစ်နိုင်ကြောင်း ပဲခူးမြို့ခံများက ခန့်မှန်းပြောဆိုကြသည်။
ယင်းပြောဆိုချက်များ မှန်ကန်မှု ရှိမရှိကိုမူ လတ်တလောတွင် ဧရာဝတီက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
အာဏာသိမ်းစစ်ကောင်စီသည် တပ်မ ၇၇ မှ စစ်သားများကို စစ်ကိုင်းတိုင်းဘက်သို့ ပို့ဆောင်ရန် ပြင်ဆင်နေသည်ဆိုသည့် သတင်းများလည်း ပဲခူးမြို့ရှိ စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ ထွက်ပေါ်နေသည်လည်း ရှိသည်။
ပဲခူးမြို့ဒေသခံအချို့က တပ်မ ၇၇ မှ စစ်သားများ ရှေ့တန်းသွားနေစဉ်တွင် နောက်တန်း၌ လုံခြုံရေးယူပေးရန် ဒေသခံပျူစောထီးများအား စစ်သင်တန်းပေးပြီး လက်နက်တပ်ပေးရန် စစ်ကောင်စီက ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ချက်အချို့လည်း ရရှိသည်။
ပဲခူးမြို့အခြေစိုက် မြို့ပြပြောက်ကြားတပ်ဖွဲ့တခုမှ တာဝန်ရှိသူတဦးကမူ တပ်မ ၇၇ က ဒေသခံ ပျူစောထီးများကို စစ်သင်တန်းပေးနေခြင်းသည် တန်ပြန်အဖျက်အမှောင့် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လေ့ကျင့်ပေးနေခြင်းလည်း ဖြစ်နိုင်ကြောင်း ဆိုသည်။
၎င်းက “ကျနော်တို့ သတင်းကြားထားတာ တခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ဘက်က ဒလန်ရှင်းလင်းရေး တွေလုပ်တဲ့ အခါမှာ သူတို့ဘက်က စစ်သင်တန်းတွေ ပေးပြီးတော့ လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားတဲ့ ဝန်ထမ်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်တွေ NLD နဲ့ပတ်သက်တဲ့ လူတွေကို သူတို့ဘက်က တန်ပြန် တိုက်ခိုက်တာတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေ ရထားတယ်။ အဲဒီအတွက်ကို ကျနော်တို့ စိုးရိမ်တယ်ဗျ” ဟု ဆိုသည်။
လက်ရှိတွင် ပဲခူးမြို့၌ ပျူစောထီးအဖွဲ့ဝင်များ၏ စစ်ရေးလှုပ်ရှားမှုမရှိသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလ ဆန်းပိုင်းကမူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူ ပဲခူးမြို့ ရှိ ကလျာဏီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် ၎င်း၏ သမီးဖြစ်သူ စန္ဒီမြင့်အောင်တို့သည် မြို့ခံများအား စစ်ကောင်စီ၏ စစ်သင်တန်းတက်ရန် လိုက်လံစည်းရုံး စာရင်းကောက်နေသည်များရှိကြောင်း ပဲခူးမြို့ဒေသခံများထံမှသိရသည်။
You may also like these stories:
မြန်မာအတိုက်အခံများကို တနေရာပေးရန် ASEAN အတွက် အချိန်ကျပြီ
နာကျင်စရာတွေကို ခွန်အားအဖြစ် ပြောင်းပစ်မယ်လို့ မနီလာသိန်း ပြော
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတကြီးတို့ အမှု နိုင်ငံသားတွေ သိခွင့်ရှိတယ်