မန္တလေးမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်မှုများ စတင်လာပြီးနောက် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ အစုလိုက် အပြုံလိုက် နုတ်ထွက်စာတင်လာကြကြောင်း အုပ်ချုပ်ရေးမှူး သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးအသိုင်းအဝိုင်းမှ သတင်းရင်းမြစ် တဦးက “သိရသလောက် မနေ့ကထိ ထွက်စာတင်တာ အုပ်ချုပ်ရေးမှုး ၁၇ ယောက်လောက် ရှိတယ်လို့ သိရတယ်၊ အဲဒီအထဲကမှ အွန်လိုင်းပေါ်ကို သူတို့ ထွက်စာတင်တာကို အသိပေးတာက ၆ ယောက်၊ ၇ ယောက်လောက်ပဲ ရှိမယ်၊ ကျနော်တို့ မသိတာတွေလည်း ရှိတယ်၊ ရာအိမ်မှုးတွေလည်း တော်တော်များများ နုတ်ထွက်ကုန်ကြပြီ၊ အုပ်ချုပ်ရေးမှုး တွေကတော့ မြို့နယ်အဆင့်ထိ တင်ရတာပေါ့၊ ရာအိမ်မှုးတွေက မြို့နယ်အဆင့်ထိ မလိုပဲ အုပ်ချုပ်ရေးမှုးအဆင့်လောက်နဲ့ ပြီးတယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှုး၊ ရာအိမ်မှုးများအနေဖြင့် နှုတ်ထွက်စာတင်ရာတွင် ကျန်းမာရေး ကောင်းမွန်မှု မရှိခြင်းကြောင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုရန် ပုသိမ်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြထားသည်ကို တွေ့ရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှုး၊ ရာအိမ်မှုးများအနက် စစ်ကောင်စီ သတင်းပေး၊ ဒလန်ဟု နာမည် ထွက်ရှိနေသည့် အုပ်ချုပ်ရေးမှုး၊ ရာအိမ်မှုးများ သေနတ်ဖြင့် ပစ်ခတ်ခံရမှုမှာ အောက်တိုဘာ ၂၈ ရက်နေ့ထိ ၇ ကြိမ် ခန့် ဖြစ်ပွားခဲ့ပြီး ၄ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်။
အဆိုပါ ပစ်ခတ်မှုများအနက် ကြာနီကန်ကျေးရွာ အုပ်ချုပ်ရေးမှုး၊ ရေထွက်ကျေးရွာအုပ်ချုပ်ရေးမှုး၊ တံတိုင်းရှည် ကျေးရွာအုပ် ချုပ်ရေးမှုးများကို ပုသိမ်ကြီးမြို့နယ် တော်လှန်ရေးအင်အားစု (Patheingyi Revolution Force-PRF)နှင့် မြို့ပြ ပြောက်ကျားအထူးတပ်ဖွဲ့(Urban Guerrilla Special Force-UGSF)တို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်းကိုလည်း သတင်းထုတ်ပြန်ထားသည်။
ယခုအခါ မန္တလေးမြို့တွင် စစ်ကောင်စီ ယန္တရား ဒေါက်တိုင်များ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ သတင်းပေး ဒလန်များကို ပစ်ခတ်လုပ်ကြံခြင်းနှင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုများ ဆက်တိုက် ဖြစ်ပွားနေရာ စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ဝင်များကလည်း လမ်းများအား ပိတ်ဆို့၍ ရှာဖွေ စစ်ဆေး ဖမ်းဆီး ပစ်ခတ်မှုများကို ယခင်ထက် တိုးမြှင့် လုပ်ဆောင်နေလျက်ရှိသည်။
You may also like these stories:
စစ်အာဏာရှင်ကို သီချင်းတွေနဲ့ တိုက်မယ့် Rap Against Junta
ပါတီရုံးများတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်ကို စစ်ကောင်စီ သက်သေပြနေဟု NLD တုန့်ပြန်
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၃)