အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ရန် အရပ်သားခုခံရေးတပ်များနှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) အကြား ညှိနှိုင်းဆောင်ရွက်ရန် ကွပ်ကဲမှုစနစ် တည်ထောင်လိုက်ကြောင်း ကြေညာသည်။
နိုင်ငံတဝှမ်းမှ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့်ထိတွေ့ဆက်ဆံရန် ထိုဗဟိုစစ်ရေးကွပ်ကဲမှုနှင့် ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee-C3C) တွင် NUG နှင့် EAOs ခေါင်းဆောင်များ ပါဝင်ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
စစ်အာဏာသိမ်းဆန့်ကျင်သူများကို စစ်ကောင်စီက မတ်လတွင် ဖြိုခွဲမှုကို လက်တုံ့ပြန်ရန် PDF များကို အများအားဖြင့် လူငယ်များဖြင့် ဖွဲ့စည်းထားသည်။
ယခုအခါ နိုင်ငံတဝန်း ပြောက်ကျားစစ်နှင့် မြို့ပြဒေသတွင် ပစ်ပြီးပြေးသည့် စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေသည့် PDF တပ်ဖွဲ့ရာပေါင်းများစွာလည်း ရှိနေသည်။ ၎င်းတို့သည် အချို့သော မဟာမိတ် EAO များထံတွင် စစ်သင်တန်းတက်ခဲ့သည်။ အချို့ PDF များကမူ NUG ကွပ်ကဲမှုအောက်တွင် မရှိပေ။
NUG က စစ်ကောင်စီကို စက်တင်ဘာ ၇ ရက်နေ့တွင် ပြည်သူ့စစ်ပွဲကြေညာပြီး ၂ လအကြာတွင် ယခု ကွပ်ကဲမှု သေနင်္ဂဗျူဟာ ထွက်ပေါ်လာခြင်းဖြစ်သည်။ PDF များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများကို ပြည်နယ်နှင့် တိုင်းအများအပြားတွင် နေ့စဉ်ကြားနေရသည်။
C3C သည် စစ်ကောင်စီကိုတိုက်ရန် အရေးပါသည့် တခုတည်းသော အမိန့်ပေးကွင်းဆက်ကို တည်ထောင်မည်ဖြစ်ကြောင်း ဦးနိုင်ထူးအောင် ပြောသည်။
“C3C ကို စစ်ရေးကိစ္စတွေမှာ Chain of Command တခုတည်းက သွားနိုင်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းတာပါ၊ NUG နဲ့EAO အချို့ကခေါင်းဆောင်တွေ ပါဝင်ပါတယ်။ အရင်းအမြစ်တွေကို မဟာဗျူဟာကျကျ ခွဲဝေသုံးစွဲဖို့ နဲ့ တော်လှန်ရေးအောင်ဖို့ C3C ဟာ အရေးကြီးပါတယ်” ဟု ဦးနိုင်ထူးအောင်က ပြောသည်။
“ရာနဲ့ချီတဲ့ PDF အဖွဲ့တွေနဲ့ ထိတွေ့ဆောင်ရွက်နေပါတယ်။ မပါဝင်သေးတဲ့ PDF တွေကိုလည်း ထိတွေ့နေပါတယ်။ NUG က ထုတ်ပြန်တဲ့ COC နဲ့အညီဆောင်ရွက်ဖို့ ပိုစနစ်ကျအောင် ကူညီမယ်” ဟုလည်း ပြောသည်။
သို့သော် မည်သည့် EAO အဖွဲ့များ ပါဝင်ပြီး မည်သို့ ဖွဲ့စည်းတည်ဆောက်ထားသည်ကိုမူ အသေးစိတ် ထုတ်ဖော်ခြင်း မရှိပေ။
“အဓိကကတော့ NUG အောက်က PDF တွေရယ်၊ EAO တွေ ဟန်ချက်ညီညီ ချိတ်ဆက်နိုင်ဖို့ပါ။ တခြားပါဝင်သင့်တဲ့ EAO တွေနဲ့လည်း ဆက်လက်ညှိနှိုင်းနေပါတယ်” ဟုသာ ဦးနိုင်ထူးအောင်က ဆိုသည်။
အချို့အမည်မဖေါ်လိုသော EAO များအနေဖြင့် PDF များကို လက်နက်နှင့် အခြားစစ်ပစ္စည်းကိရိယာများ ထောက်ပံ့ရန် အစီအစဉ်များကိုလည်း ရေးဆွဲထားကြောင်း သူပြောသည်။
NUG နှင့် EAO များသည် စစ်ရေးကွပ်ကဲမှု ယန္တရားထူထောင်ရန် စက်တင်ဘာလမှ စတင်လုပ်ကိုင်နေပြီး အချို့ အဓိကကျသည့် EAO များသည် NUG နှင့် မဟာမိတ်ဖွဲ့ထားသည်ဟု ယူဆရသည်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် စစ်ကောင်စီက PDF နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ကို ဆင်နွဲနေသည့် ထိုးစစ်သည် အရှိန်ရလာနေသည်။ ထိုဒေသများတွင် စစ်ကောင်စီတပ်များ အသေအပျောက်များသောကြောင့် တုံ့ပြန်သည့်အနေဖြင့် ထိုထိုးစစ်ကို ဆင်နွဲခြင်း ဖြစ်သည်။
CNF သည် မေလမှ စတင်ပြီး NUG နှင့် ပူးပေါင်းဆောင်ရွက်နေပြီး အင်အားကြီးမားသည့်ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကလည်း ထိုလှုပ်ရှားမှုကို ပံ့ပိုးပေးနေပုံရသည်။
KIA သည် စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ကချင်ဆန္ဒပြသူများကို အန္တရာယ်မပေးရန် စစ်ကောင်စီကို ပြောကြားထားသည်။
စစ်ကောင်စီတပ်များက ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ဆန္ဒပြသူ ၂ ဦးကို သတ်ဖြတ်သောကြောင့် မတ်လက KIA နှင့် စစ်ကောင်စီတပ်များအကြား ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ကရင်နှင့် ကယားပြည်နယ်တို့တွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်နီတပ်မတော်တို့က ခုခံစစ်ကို ထောက်ခံနေပြီး အရပ်သားများကို စစ်ရေး လေ့ကျင့်ပေးနေသည်။ ကယားပြည်နယ်သည် စစ်ကောင်စီတပ်များနှင့် PDF များအကြား တိုက်ပွဲပြင်းထန်သော ပြည်နယ်တခုလည်းဖြစ်သည်။
KNLA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံးသည် ၁၉၄၈ ခုနှစ်ကပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် စတင်တိုက်ပွဲဝင်နေပြီး မြန်မာန်ိုင်ငံတွင် သက်တမ်းအရင့်ဆုံးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။
ဆန္ဒပြသူများကို နှိမ်နင်းသောကြောင့် KNLA ကလည်း ထိုင်းနယ်စပ်ရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်ပြီး စစ်ကောင်စီကို စစ်တန်းလျားပြန်ရန် တောင်းဆိုထားသည်။
You may also like these stories:
မြန်မာစစ်တပ် တိုက်ခိုက်ရေးစွမ်းရည် ကျနေပြီ
NLD ရဲ့ ပြုပြင်ပြောင်းလဲရေးကို စစ်ကောင်စီ ပြောင်းပြန်လှန်
ပဲခူးမြို့အခြေစိုက် တပ်မ ၇၇ က ပျူစောထီး ၇၀ ခန့် ကိုစစ်သင်တန်းပေးနေ
စစ်ကောင်စီအတွက် အုပ်ကြီးလုပ်မယ့်သူ ရှားလာ