မြန်မာစစ်တပ်သည် တန်ိုင်ငံလုံးမှ ဖမ်းဆီးထားသူများကို စနစ်တကျ ညှင်းပမ်းနှိပ်စက်နေကြောင်း အေပီသတင်းဌာနက ဖေါ်ပြခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုညှင်းပမ်းနှိပ်စက်မှုများကြောင့် ဒေါသထွက်ရကြောင်းပြောကြားပြီး စုံစမ်းစစ်ဆေးမှုပြုုလုပ်ရန် သောကြာနေ့တွင် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ ထိပ်တန်းကျွမ်းကျင်သူကလည်း မြန်မာစစ်တပ်အပေါ် ပြင်းထန်သော နိုင်ငံတကာဖိအားကို တောင်းဆိုသည်။ ဝါရှင်တန်မှ အမေရိကန် လွှတ်တော်အမတ်များကလည်း ကွန်ဂရက်အနေဖြင့် အရေးယူရန်တောင်းဆိုသည်။ အေပီသတင်းဌာနသည် ဖေဖေါ်ဝါရီလတွင် စစ်တပ်က အစိုးရကိုဖြုတ်ချပြီးနောက် ထောင်ချပြီး ပြန်လည်လွှတ်ပေးခံရသည့် အမျိုးသမီးများနှင့် ကလေးများအပါအဝင် လူ ၂၈ ဦးကို တွေ့ဆုံမေးမြန်း သတင်းဖေါ်ပြခဲ့သည်။
“မြန်မာစစ်ကောင်စီက တနိုင်ငံလုံးမှာ စနစ်တကျ ညှင်းပမ်းနှိပ်စက်မှုတွေ လုပ်တဲ့သတင်းတွေကြောင့် ကျနော်တို့ ဒေါသထွက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။ “မြန်မာက ညှင်းပမ်းနှိပ်စက်တဲ့သတင်းတွေကို ယုံကြည်လက်ခံနိုင်လောက်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး အဲဒီအခွင့်အရေးချိုးဖေါက်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူရမယ်” ဟုလည်း ဆက်လက်ပြောကြားသည်။
ဓါတ်ပုံအထောက်အထားများ၊ အကျဉ်းသားများထံမှ ပုံကြမ်းများနှင့် စာများအပြင် မကြာသေးမီက ဘက်ပြောင်းလာသော စစ်အရာရှိ ၃ ဦး၏ သက်သေခံချက်များပါဝင်သော အေပီသတင်းဌာန၏ သတင်းပေးပို့ချက်တွင် အာဏာသိမ်းပြီးနောက် လူပေါင်း ၉၀၀၀ ကျော်ကို ဖမ်းထားသည့် လွန်စွာ လျှို့ဝှက်သော ဖမ်းဆီးမှု စနစ်အား အကျယ်ပြန့်ဆုံးလေ့လာထားသည်။ ထောင်များနှင့် ရဲအချုပ်ခန်းများအပြင် မြန်မာနိုင်ငံတဝှမ်းတွင် အသုံးပြုနေသည့် စစ်ကြောရေးစခန်း တဒါဇင်ကို အေပီသတင်းက တွေ့ဆုံမေးမြန်းမှုများ၊ ဂြိုလ်တုဓါတ်ပုံများဖြင့် ဖေါ်ပြထားသည်။
ဖေဖေါ်ဝါရီလ နောက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခံရသူ အနည်းဆုံး ၁၃၁ ဦးအပါအဝင် လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်။
စစ်အုပ်စုသည် ၎င်းတို့ညှင်းပမ်းနှိပ်စက်မှု အထောက်အထားများကို ဖုံးကွယ်ထားကြောင်း အေပီက သိရသည်။ စစ်ကောင်စီတပ်များက အကျဉ်းသားနှစ်ဦးကို သေသည်အထိ ညှင်းပမ်းနှိပ်စက်သည်ကို တွေ့မြင်ခဲ့ကြောင်း အဆင့်မြင့်တပ်မှူးတဦး၏ လက်ထောက်က အေပီသတင်းဌာနသို့ ပြောသည်။ ထိုနောက်စစ်သားများက ထိုအလောင်းများတွင် ဂလူးကို့စ် ပိုက်များတပ်ထားပြီး အသက်ရှင်နေသေးသကဲ့သို့လုပ်ကာ စစ်တပ်ဆရာဝန်ကို သေမှုသေခင်းစစ်ဆေးမှုအတုပြုလိုက်ခိုင်းကြောင်း သူပြောသည်။
“အေပီရဲ့ စုံစမ်းစစ်ဆေးမှုက စစ်ကောင်စီရဲ့ ရာဇဝတ်မှုမြောက်တဲ့ ညှင်းပမ်းနှိပ်စက်မှု စစ်ဆင်ရေးရဲ့ နယ်ပယ်နဲ့ စနစ်ကျတဲ့ သဘောသဘာဝကို အထင်အရှားပြသနေတယ်” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အင်ဒရူးက ကြေညာချက်တစောင်တွင်ပြောသည်။ “သေတဲ့အထိ ညှင်းပမ်းနှိပ်စက်ခံရတဲ့ ဖမ်းဆီးခံရသူတွေကို တိုက်ရိုက်တွေ့မြင်ခဲ့တဲ့ စစ်သားတွေရဲ့ ဝန်ခံထွက်ဆိုချက်တွေ၊ အေပီကဖေါ်ထုတ်လိုက်တဲ့ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ စစ်ကြောရေးစခန်း တည်နေရာတွေဟာ အရေးယူဖို့ အားထုတ်မှုတွေအတွက် အရေးပါတယ်” ဟုလည်း သူပြောသည်။
စစ်အုပ်စုသည် ၎င်းတို့ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖေါက်မှုများကို ဖုံးကွယ်ရန် အားထုတ်သောကြောင့် အေပီသတင်းတွင် ဖေါ်ပြထားသော ညှင်းပမ်းနှိပ်စက်မှုများသည် အမှန်တကယ်ဖြစ်ပွားနေမှု၏ တစွန်းတစသာ ဖြစ်နိုင်ကြောင်းလည်း အင်ဒရူးပြောသည်။
ထိုတွေ့ရှိချက်များကြောင့် အောက်လွှတ်တော်အနေဖြင့် ဘားမားအက် ဥပဒေကို ထောက်ခံမဲပေးရန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ ထိပ်တန်း ရီပတ်ဗလစ်ကန် ကိုယ်စားလှယ် တက္ကဆက်မှ မိုက်ကယ်မက်ကော တိုက်တွန်းသည်။ ထိုဥပဒေက စစ်အုပ်စုကို ပစ်မှတ်ထားသည့် နောက်ထပ်အရေးယူမှုများကို ခွင့်ပြုမည်ဖြစ်သည်။
အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတိုသည် မြန်မာထိပ်တန်းစစ်အရာရှိများနှင့် နိုင်ငံပိုင်လုပ်ငန်းများကို အရေးယူထားပြီးဖြစ်သော်လည်း ၎င်းတို့သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် အမေရိကန်နှင့် ပြင်သစ် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများကို အရေးမယူရသေးပေ။ ထို့ကြောင့် စစ်တပ်သည် တခုတည်းသော ကြီးမားသည့် နိုင်ငံခြားဝင်ငွေများရရှိပြီး လက်နက်များကို ဝယ်ယူနိုင်နေသည်။
“အေပီသတင်းဌာနကဖေါ်ပြတဲ့ မြန်မာစစ်ကောင်စီ ကျူးလွန်နေတဲ့ ညှင်းပမ်းနှိပ်စက်မှုနဲ့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကြောက်စရာ အကြမ်းဖက်မှု သတင်းတွေဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခြင်း အပါအဝင် မြန်မာစစ်အုပ်စု ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေထဲက နောက်ဆုံးဖြစ်လာတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဖြစ်တယ်” ဟုလည်း မက်ကောက ကြေညာချက်တစောင်တွင်ဖေါ်ပြသည်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာမွတ်ဆလင် ထောင်ပေါင်းများစွာကို အစုလိုက်သတ်ဖြတ်ပြီး အမျိုးသမီးများ မုဒိန်းကျင့်သည့် ဖြစ်ရပ်များကို သူရည်ညွှန်းပြောကြားခြင်းဖြစ်သည်။
အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ ဒီမိုကရက်ဥက္ကဋ္ဌ နယူးယောက်မှ ကိုယ်စားလှယ် ဂရီဂေါ်ရီမိခ် ကလည်း အထက်ပါဥပဒေကို အတည်ပြုရန် ကွန်ဂရက်ကို တိုက်တွန်းသည်။
“မြန်မာစစ်အုပ်စုက ၁၆ နှစ်အထိ ငယ်တဲ့ လူငယ်တွေအပါအဝင် ဖမ်းဆီးထားသူတွေအပေါ် ဆိုးရွားတဲ့ ဆက်ဆံပုံတွေကို ကျနော် အပြင်းထန်ဆုံး ရှုတ်ချတယ်” ဟု မိခ်က ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။
အမေရိကန် အစိုးရသည် မြန်မာရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းကို ထိခိုက်စေမည့် အရေးယူပိတ်ဆို့မှုများကို စဉ်းစားသုံးသပ်နေသော်လည်း ဆုံးဖြတ်ချက် မချရသေးကြောင်း ထိုလုပ်ငန်းများကို နီးစပ်သည့် အမေရိကန် အရာရှိများ၏ အဆိုအရ သိရသည်။ အရေးယူပိတ်ဆို့မှုများသည် မြန်မာပြည်သူများကို မထိခိုက်စေရေး မည်သို့အကောင်းဆုံးလုပ်နိုင်မည်ကို အမျိုးသားလုံခြုံရေးကောင်စီ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့သည် အကြီးအကျယ်ဆွေးနွေးနေကြောင်း အရာရှိ ၃ ဦးပြောသည်။
လူ့အခွင့်အရေးအဖွဲ့များကလည်း လတ်တလော နိုင်ငံတကာအရေးယူမှုများလုပ်ရန် တိုက်တွန်းနေသည်။
“အေပီသတင်းဌာနရဲ့ အရေးပါပြီး ကျယ်ပြန့်တဲ့ စုံစမ်းဖေါ်ထုတ်မှုဟာ မြန်မာစစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းရေး စခန်းတွေရ့လျှို့ဝှက်ချက်ကို ဖေါ်ထုတ်လိုက်တာဖြစ်တယ်။ စစ်အုပ်စုရဲ့ စနစ်ကျတဲ့ ညှင်းပမ်းနှိပ်စက်မှု နည်းလမ်းတွေ၊ ဒါတွေကို ဖုံးကွယ်ထားဖို့ အားထုတ်မှုတွေကြောင့် တကမ္ဘာလုံးက ချက်ခြင်းသိရှိ အရေးယူဖို့လိုတယ်” ဟု လူ့အခွင့်အရေး သမားတော်များအဖွဲ့မှ မူဝါဒဆိုင်ရာ ဒါရိုက်တာ ဆူဇန်နာ ဆာကင်က ပြောသည်။ အေပီသတင်းက ရိုက်ကူး ဖေါ်ပြသည့် ညှင်းပမ်းနှိပ်စက်ခံရသူ ၃ ဦး၏ ဒဏ်ရာများသည် တုတ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ရိုက်နှက်ထားသည့် ဒဏ်ရာများဖြစ်ကြောင်း ထိုအဖွဲ့က ကောက်ချက်ချသည်။
အေပီသတင်းအတွက် စစ်အုပ်စုကို ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။ ယခုအပတ်အစောပိုင်းကမူ အေပီသတင်းဌာနက ၎င်းတို့တွေ့ရှိချက်များနှင့် ပတ်သက်သည့်မေးခွန်းများကို စစ်အုပ်စုကိုမေးခဲ့သော်လည်း စစ်အုပ်စုက အဓိပ္ပါယ် မရှိသည့် မေးခွန်းများဖြစ်ကြောင်း ပြောဆိုပယ်ချခဲ့သည်။
ကိုးကား။ ။ AP
You may also like these stories:
နာကျင်စရာတွေကို ခွန်အားအဖြစ် ပြောင်းပစ်မယ်လို့ မနီလာသိန်း ပြော
အင်ဂျင်နီယာကျောင်းသား ကိုလင်းပိုင်စိုး စစ်ကြောရေးတွင် သေဆုံး
အများပြည်သူသို့ သတင်းထုတ်ပြန်ခွင့်မပြုသည့် အမိန့်ကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
လူထုရဲ့ မျက်လုံးနဲ့ နားတွေကို ပိတ်ဖို့ စစ်ကောင်စီ ကြိုးစားနေ