အာရှတွင် မှတ်တမ်းတင်ထားသည့် မူးယစ်ဆေးဝါးဖမ်းဆီးမှုများအနက် အများဆုံး မူးယစ်ဆေးများကို လာအို ရဲများက ဖမ်းဆီးလိုက်ကြောင်း ကုလသမဂ္ဂကပြောသည်။
ရဲအရာရှိများသည် မက်သာဖက်တမင်းဆေးပြား ၅၅ သန်းနှင့် ခရစ်စတယ်မက်သာဖက်တမင်း ၁ ဒဿမ ၅ တန် သယ်ဆောင်လာသည့် ထရပ်ကားတစင်းကို ကြားဖြတ်ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ရာဇဝတ်မှုဆိုင်ရာဌာနကပြောသည်။
ထိုင်းနှင့်မြန်မာတို့နှင့် နယ်စပ်ထိစပ်နေသည့် ဘိုကဲယိုးတွင် ဘီယာဘူးများ သယ်ဆောင်လာသည့် ထရပ်ကားတစင်းကို ရဲများက တားဆီးရှာဖွေရာမှ ထိုမူးယစ်ဆေးများ ဖမ်းမိခြင်းဖြစ်သည်။
ရွှေတြိဂံဟု လူသိများသည့် ထိုဒေသသည် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဗဟိုချက်ဖြစ်နေသည့် ရှည်လျားသော သမိုင်းကြောင်းရှိသည်။
ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ဂလပ်စ်က ထိုဖမ်းဆီးမှုသည် အရှေ့နှင့် အရှေ့တောင်အာရှသမိုင်းတလျှောက်အများဆုံး ဖမ်းမိခြင်းဖြစ်ကြောင်း BBC သို့ပြောသည်။
လွန်ခဲ့သောအပတ်အတွင်းက ထိုဒေသတွင် စစ်ဆင်ရေး ၂ ကြိမ်ပြုလုပ်စဉ် အမ်ဖက်တမင်းဆေးပြား ၁၆ သန်း ဖမ်းမိပြီးနောက် ယခုကဲ့သို့ ထပ်မံဖမ်းမိခြင်းဖြစ်သည်။
တရုတ်၊ လာအိုနှင့် ထိုင်းတို့နှင့် ထိစပ်နေသည့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် စစ်အာဏာသိမ်းအပြီး မတည်ငြိမ်မှုများ တိုးလာနေမှုကို အခွင့်ကောင်းယူကာ ရွှေတြိဂံမှ မူးယစ်ဆေးဝါးထုတ်လုပ်မှု သိသိသာသာ တိုးလာနေသည်။

“အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတခုလုံးကို မက်သာဖက်တမင်းတွေ အလုံးအရင်းဝင်ရောက်နေပြီး ဒီကိစ္စက ရှမ်းပြည်နယ်က အုပ်ချုပ်ရေးအခြေအနေနဲ့ပတ်သက်နေတယ်ဆိုတာကို သံသယဖြစ်စရာ မရှိပါဘူး” ဟုလည်း ဂျယ်ရမီ ဒေါက်ဂလပ်စ်က ဆိုသည်။
မြန်မာနှင့် နယ်စပ်ကပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကိုဗစ်နှင့် လုံခြုံရေး အစီအမံများ တင်းကျပ်ထားသောကြောင့် အရှေ့ဘက်ရှိ လာအိုနှင့် ထိုင်းတောင်ပိုင်းသို့ မူးယစ်ဆေးများ ပိုမိုတင်ပို့နေခြင်းဖြစ်ပုံရသည်။
ထို များပြားလှသည့် မူးယစ်ဆေးများကို လာအို ဘီယာအိုးများအတွင်း ထည့်သွင်းထားခြင်းဖြစ်သည်။
ထိုအမှုတွင် ၎င်းတို့ပါဝင်ပတ်သက်ခြင်းမရှိကြောင်း Lao Brewery Company က ကြေညာချက်တစောင်တွင်ပြောသည်။
“တရားမဝင်လုပ်ငန်းတွေကို လုပ်ဖို့ ကျနော်တို့ ဘီယာအိုးတွေကို အလွဲသုံးစားလုပ်တဲ့အတွက် ကျနော်တို့ စိတ်ပျက်ပြီး ကုမ္ပဏီပိုင်ပစ္စည်းတွေကို အလွဲသုံးစားလုပ်တဲ့ ဘယ်သူ့ကိုမဆို တရားစွဲဆိုဖို့ အသင့်ပဲ” ဟု ထို ကုမ္ပဏီ၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။
မြန်မာနှင့်ကပ်နေသော တရုတ်နယ်စပ်သည် မူးယစ်ဆေး၊ ငွေနှင့် လူများ နှိုင်းယှဉ်ချက်အားဖြင့် လွယ်ကူစွာ ဖြတ်သန်းနေသော နေရာအဖြစ် လူသိများသည်။ တရုတ်နိုင်ငံဒေသအများစုတွင် လောင်းကစားလုပ်ငန်းသည် တရားမဝင်သော်လည်း နယ်စပ်တဘက်တွင်မူ ကာစီနိုလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်နေကြသည်။ တရုတ်နိုင်ငံမှ ထွက်ပြေးလွတ်မြောက်လိုသူ မည်သူမဆိုသည် မြန်မာမှတဆင့် ထွက်ပြေးကြသည်။ ရဲများနှင့် အကောက်ခွန်အရာရှိများက မသိဟန်ဆောင်နေကြသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
သို့သော် ထိုသို့သော သဘောထားသည် စတင်ပြောင်းလဲလာခဲ့သည်။ ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်း ရှမ်းပြည်နယ်မှ မတည်ငြိမ်မှုမြင့်မားလာခြင်းသည် ၎င်းတို့ပိုင်နက်ထဲသို့ ကူးစက်လာမည်ကို စိုးသောကြောင့် တရုတ်နိုင်ငံသည် နယ်စပ်ထိန်းချုပ်မှုကို တင်းကျပ်လိုက်သည်။ ထိုသို့နယ်စပ်တင်းကျပ်ရခြင်း အခြားအကြောင်းတခုမှာ ကပ်ရောဂါကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်မှု များပြားခြင်းကို တရုတ်အရာရှိများ စောင့်ကြည့်နေကြသည်။
ဘေ့ဂျင်းက နယ်စပ်ထိန်းချုပ်မှုတင်းကျပ်လိုက်သောကြောင့် မြန်မာမူးယစ်ဂိုဏ်းများသည် မှောင်ခိုလမ်းကြောင်း ပြောင်းလဲလိုက်ပြီး ဒေသတွင်း အဆင့်ဆင့် သက်ရောက်မှုများဖြစ်လာသည်။ တရုတ်နိုင်ငံသည် ၎င်းတို့ဖမ်းမိသည့် မူးယစ်ဆေးဝါးစာရင်းကို ထုတ်ပြန်လေ့မရှိပါ။
ကိုးကား။ ။ BBC
You may also like these stories:
စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်
တရုတ်နိုင်ငံသားများ ပြန်သွားသဖြင့် ဝ နဲ့ မိုင်းလားတွင် စီးပွားရေးကျဆင်းနေ
မြန်မာပြည်မှာ ဇွမ်ဘီဘဏ်များ ပေါ်နေပြီ