သတင်း

ရွေးကောက်ခံ ရှေ့နေများပါဝင်ခွင့်ဖျက်သိမ်းပြီး ဘားကောင်စီကို စစ်ကောင်စီထိန်းချုပ်

တရားလွှတ်တော် ရှေ့နေများကောင်စီ (ဘားကောင်စီ) တွင် ရှေ့နေထုဆန္ဒမဲဖြင့် ရွေးကောက်တင်မြောက်သည့် လွတ်လပ် သော တရားလွှတ်တော်ရှေ့နေများ ပါဝင်ခွင့်အား ရုတ်သိမ်းပယ်ဖျက်ကာ ၎င်းတို့အလိုကျဖွဲ့စည်းနိုင်မည့် ဥပဒေတရပ်အား အာဏာသိမ်းစစ်ကောင်စီက ပြဌာန်းလိုက်သည်။

အာဏာသိမ်းခေါင်းဆောင်လက်မှတ်ရေးထိုးကာ အောက်တိုဘာ ၂၈ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် “တရားလွှတ် တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” တွင် ဘားကောင်စီဖွဲ့စည်ပုံအား ပြဌာန်းထားသည့် ပုဒ်မ ၄ အား ပြန်လည်ပြင်ဆင်ခဲ့သည့်အပြင် ရှေ့နေထုဆန္ဒမဲဖြင့် ရွေးကောက်ပွဲကျင်းပမည့်လုပ်ငန်းစဉ် ပုဒ်မ ၅ ကိုလည်း ဖျက်သိမ်းခဲ့သည်။

ယင်းပြင်ဆင်ချက်များအရ ဘားကောင်စီတွင် ရှေ့နေထုကိုယ်စားပြု လွတ်လပ်သောတရားလွှတ်တော်ရှေ့နေများ ပါဝင်ခွင့် ဆုံးရှုံးခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်နှင့် တရားသူကြီးချုပ်တို့က စိတ်ကြိုက်ရွေးချယ်သူများဖြင့်သာ ဖွဲ့စည်းမည်ဖြစ်သည်။

ဥပဒေရေးရာကျွမ်းကျင်သူတဦးက “ရှေ့နေတွေက မိမိတို့ကို ကိုယ်စားပြုမယ့် ဘာကောင်စီအဖွဲ့ဝင်တွေကို မဲပေးရွေးချယ်တင် မြှောက်ခွင့် ဆုံးရှုံးသွားတာပဲ၊ အစိုးရက အပြည့်အဝထိန်းချုပ်ထားတဲ့ သူ့ရဲ့ရပ်တည်မှုအောက်မှာပဲ ရှင်သန်ရမယ့် အဖွဲ့အစည်း ဖြစ်သွားပါတယ်။ အရင်ခေတ်က ဖွဲ့စည်းပုံအတိုင်းပြန်ပြီးတော့ အသက်သွင်းတာပါပဲ”ဟု သုံးသပ်သည်။

ယင်းအပြင် ဘားကောင်းစီသည် တရားလွှတ်တော်ရှေ့နေများအဖြစ် အသိအမှတ်ပြုလိုင်စင်ထုတ်ပေးခြင်း၊ ရုတ်သိမ်းခြင်း၊ ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ထိန်းကျောင်းအရေးယူခြင်းများ ဆုံဖြတ်ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းဖြစ်သည့် အတွက် အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် ရှေ့နေများအပေါ် ထိန်းချုပ်ဖိနှိပ်မှုများ ပိုမိုပြုလုပ်လာနိုင်ဖွယ်ရှိ နေကြောင်းလည်း ဥပဒေပညာရှင် အချို့က သုံးသပ်သည်။

ဥပဒေရေးရာဆောင်ရွက်နေသူတဦးကလည်း “တရားလွှတ်တော်ရှေ့နေအဖြစ် ခွင့်ပြုဖို့အတွက် ကန့်သတ်မှုတွေ၊ ထိန်းချပ်မှုတွေ ဖြစ်လာနိုင်တယ်၊ လက်ရှိ ရှိနေတဲ့ တရားလွှတ်တော်ရှေ့နေများကိုလည်းပဲ နိုင်ငံရေးရည်ရွယ်ချက် တခုခုအရ ကန့်သတ် ထိန်းချုပ်မှုတွေ၊ ညွှန်ကြားမှုတွေ ပေါ်ပေါက် လာနိုင်တယ်၊ တရားလွှတ်တော်ရှေ့နေများရဲ့ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကို ထိပါးလာနိုင်တယ်” ဟု ပြောသည်။

တရားလွှတ်တော်ရှေ့နေများကောင်စီ(ခေါ်) The Bar Council Act (ဘားကောင်စီ) အား ကိုလိုနီခေတ် ၁၉၂၉ ခုနှစ်တွင် စတင် အာဏာတည်ကျင့်သုံးခဲ့ပြီး ယင်းမူလဥပဒေတွင် တရားရုံးချုပ်ရှေ့နေများက ရွေးကောက်တင်မြှောက်သည့် ရှေ့နေ ၁၀ ဦးပါ ဝင်ခွင့်ရှိခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလတွင် စစ်အစိုးရ၏ ပြည်သူများအပေါ် ပြုကျင့်မှုများနှင့် ပတ်သက်ပြီး ဘား ကောင်စီက ကြေညာချက်များထုတ်ပြန်ကာ ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိသည့် န.ဝ.တ စစ်အ စိုးရက ၁၉၈၉ ခုနှစ်တွင် ဘားကောင်စီအက်ဥပဒေအား ပြင်ဆင်ခဲ့ပြီး ရွေးကောက်ခံရှေ့နေများ ပါဝင်ခွင်ကို ပျယ်ဖျက်ကာ ၎င်းတို့အလိုကျ ခန့်အပ်ဖွဲ့စည်းသည့် စနစ်အားပြောင်းလဲခဲ့သည်။

ယင်းသို့လုပ်ဆောင်ပြီးနောက် ဘားကောင်စီရွေးကောက်ပွဲများ ဆိတ်သုဉ်းခဲ့ပြီး ဒီမိုကရေစီအရေးတော်ပုံနှင့် ပတ်သက်ဆက် နွယ်ခဲ့သည့် ရှေ့နေအများအပြားလည်း ဖမ်းဆီးထောင်ချခံရခြင်းများ၊ ရှေ့နေလိုင်စင် ရုတ်သိမ်းခံရခြင်းများရှိခဲ့သည်။

ထိုသို့ ဒီမိုကရေစီနည်းအရ ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် လွတ်လပ်သောရှေ့နေများ ဘားကောင်စီတွင် ပြန် လည်ပါဝင်ခွင့်ရရှိရန် ရှေ့နေများက ကြိုးပမ်းခဲ့ကြပြီး သမ္မတဦးဝင်းမြင့်လက်ထက် ၂၀၁၉ ခုနှစ်တွင် ဘားကောင်စီအက်ဥပ ဒေကို ပြန်လည်ပြင်ဆင်ပေးခဲ့ပြီး ရွေးကောက်ခံ တရားလွှတ်တော်ရှေ့နေ ၁၁ ဦးပါဝင်ခွင့်ရှိစေသည့် ဘားကောင်းစီဖွဲ့စည်းပုံ ကို ပြင်ဆင်ခဲ့သည်။

သမ္မတဦးဝင်းမြင့်လက်ထက် ပြင်ဆင်ချက်အရ အရေးပါသည့် ဒုဥက္ကဌနှင့် အတွင်းရေးမှူးနေရာတို့ကို ရွေးကောက်ခံတရား လွှတ်တော်ရှေ့နေ ၁၁ ဦးထဲမှ ရယူခွင့်ရှိခဲ့ပြီး ကျန် ၉ ဦးမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရှိခဲ့သည်။

ယင်းအတွက် နှစ်ပေါင်း ၃၀ ကြာ ပျက်ဆီးခဲ့သည့် ဘားကောင်စီ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ပွဲကိုလည်း ၂၀၂၀ ခုနှစ် ဩဂုတ် ၂ ရက်နေ့တွင် ကျင်းပခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးခွင့်ရှိသည့် တရားလွှတ်တော်ရှေ့နေ များ က ၎င်းတို့ကိုကိုယ်စားပြုမည့် ကိုယ်စားလှယ် ၁၁ ဦးအား မဲပေးရွေးချယ်နိုင်ခဲ့သည်။

ထိုမဲပေးရွေးချယ်ခံရသူ ၁၁ ဦးမှာ NLD ပါတီ ဥပဒေအထောက်အကူပြုအဖွဲ့မှ ဦးဉာဏ်ဝင်း၊ ဦးကျော်ဟိုး၊ ဦးသက်ဆွေ၊ ဦးအောင်ကျော်မင်းတို့ ပါဝင်ခဲ့ပြီး အခြား ၇ ဦးမှာ ဦးမြသိန်း၊ ဦးနေလ၊ ဦးသိန်းသန်းဦး၊ ဒေါ်ခင်နုသာ၊ ဦးခင်မောင်သန်း၊ ဦးစိန်ဝင်းချမ်းနှင့် ဦးခင်မောင်ဇော်တို့ ဖြစ်ကြသည်။

ယင်းတို့မှ ဦးဉာဏ်ဝင်းမှာ ဖေဖော်ဝါရီ ၁ ရက်နေ့စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရကာ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံနေစဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ရန်ကုန်ဆေးရုံးသို့ တင်ပို့ကုသနေစဉ် ဇူလိုင် ၂၀ ရက်နေ့ မနက်ပိုင်း က ကွယ်လွန်ခဲ့ရသည်။

ရှေ့နေထု၏ ရွေးကောက်တင်မြှောက်မှုဖြင့် ဘားကောင်စီတွင် အတွင်းရေးမှူးဖြစ်ခဲ့သည့် ဦးခင်မောင်ဇော်မှာ လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးကာ တရားစွဲဆိုခံနေရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအား ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးလျှက်ရှိပြီး ၎င်းအနေဖြင့် အမှုအကြောင်း အရာများအား ပြည်တွင်းပြည်ပ အဖွဲ့အစည်း၊ မီဒီယာများနှင့် ဖြေကြားပြောဆိုခွင့် ပိတ်ပင်ခံထားရသည်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီက ဘားကောင်စီအက်ဥပဒေအား ပြင်ဆင်ခဲ့မှုနှင့် ပတ်သက်ပြီး ဦးခင်မောင်ဇော်က “ကျ နော် ခင်မောင်ဇော် ဘားကောင်စီအတွင်းရေးမှူး မဟုတ်တော့ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ၊ လူ့အခွင့်အရေး ရှေ့နေအဖြစ်ကတော့ တည်ဆဲပါ” ဟု ယမန့်နေက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

အခြားသော ရွေးကောက်ခံ ဘားကောင်စီအဖွဲ့ဝင်တဦးကလည်း “ပယ်လိုက်ပြီပေါ့၊ ဒါနဲ့ပတ်သက်ပြီး ဘာမှမပြောချင်တော့ ပါဘူး” ဟု တုန့်ပြန်သည်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဘားကောင်စီအက်ဥပဒေအား ပြင်ဆင်ကာ ဖွဲ့စည်းပုံပြောင်းလဲခဲ့ပြီးဖြစ်ရာ ရွေး ကောက်ခံရှေ့နေများ မပါဝင်တော့သည့် ဘားကောင်စီအသစ်တခုကို ဖွဲ့စည်းမည်ဖြစ်သည့်အတွက် အစိုးရအလိုကျ တဖက် သတ် လွှမ်းမိုးဆောင်ရွက်မည့် လုပ်ဆောင်ချက်များအား ပြန်လည်တည့်မတ်ထိန်းကျောင်းပေးနိုင်မည့် အခွင့်အရေးများ ဆုံး ရှုံးခဲ့ကြောင်လည်း ဥပဒေရေးရာဆောင်ရွက်နေသူတဦးက ပြောသည်။

၎င်းက “နိုင်ငံရေးသားတွေမှာလည်း ဒီမိုကရေစီအခွင့်အရေးတွေ တဖြေးဖြေးလျော့နည်းပြီးတော့မှ ဆိတ်သုဉ်းသွားသလိုပဲ ဥပဒေနယ်ပယ်၊ တရားစီရင်ရေး နယ်ပယ်မှာလည်းပဲ တရားလွှတ်တော်ရှေ့နေများရဲ့ မဲပေးရွေးချယ်ခွင့်တွေ၊ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို ကာကွယ်ဆောင်ရွက်ပိုင်ခွင့်တွေ အဆင့်လျော့ချခံရပြီး တဖြေးဖြေးနဲ့ထိန်းချုပ်မှုအောက်ကို ဦးတည်နေပါ တယ်” ဟု သုံးသပ်ပြောကြားသည်။

ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရအားဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီအနေဖြင့် ရာဇသတ်ကြီးဥပဒေအပါအဝင် ဥပဒေအများအပြားအား ပြင်ဆင်ကာ ဖိနှိပ်ထိန်းချုပ်ရန်လုပ်ဆောင်နေပြီး ဖမ်းဆီးခံအရပ်သားအစိုးရခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့အား စွပ်စွဲကာ တရားစွဲထားမှုများအပေါ်တွင်လည်း တရားခွင်အတွင်း စစ်ဆေးမှုများအား အများပြည်သူသိရှိနိုင်ခြင်းမရှိစေရန်အတွက် ပြင်ပသို့ထုတ်ဖော်ပြောဆိုခြင်းမပြုရန် ရှေ့နေ ၅ ဦးကိုလည်း ပိတ်ပင်ထားသည်။

ယင်းသို့ရှေ့နေများအား ပြောဆိုခွင့်ပိတ်ပင်သည့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ခြင်းကိုလည်း စစ်ကောင် စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လုပ်ဆောင်နေသည့်အတွက် တရားစီရင်ရေးကဏ္ဍအပေါ် လွှမ်းမိုး လုပ်ဆောင်ခြင်းအဖြစ် ဝေဖန်မှုများလည်းရှိနေသည်။

You may also like these stories:

စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်

တရုတ်နိုင်ငံသားများ ပြန်သွားသဖြင့် ဝ နဲ့ မိုင်းလားတွင် စီးပွားရေးကျဆင်းနေ

မြန်မာပြည်မှာ ဇွမ်ဘီဘဏ်များ ပေါ်နေပြီ

Loading