ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းနှင့် နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်သူ မစ္စတာဘေလ် ရစ်ချတ်ဆန်သည် ယနေ့ညနေ မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
သူသည် နဝတ၊ နအဖ စစ်အစိုးရခေတ်က ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန်နှင့် ရင်းနှီးသူဖြစ်ပြီး၊ ယခုသူ၏ မြန်မာပြည်ခရီးစဉ်မှာလည်း မိတ်ဆွေများ၏ စီစဉ်ဖိတ်ကြားချက်အရ လာရောက်ခြင်း ဖြစ်ကြောင်း AP သတင်းက ဆိုထားသည်။
မစ္စတာဘေလ်ရစ်ချတ်ဆန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံရန် အစီစဉ် ရှိမရှိ မသိရသေးသော်လည်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့ဖြင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု သိရသည်။
သူ၏ ပြောရေးဆိုခွင့်ရှိသူ Madeleine Mahony ကမူ ယခုခရီးစဉ်မှာ လူသားချင်း စာနာမှု ဆိုင်ရာ ကူညီရေး ပုဂ္ဂလိက ခရီးစဉ်သာ ဖြစ်ကြောင်းကိုဗစ်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသွားရန် ရှိကြောင်း AP သတင်းသို့ ပြောသည်။
မစ္စတာဘေလ် ရစ်ချတ်ဆန်သည် နဝတ၊ နအဖ အစိုးရလက်ထက် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ထောက်လှမ်း ရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့် ရင်းနှီးသူဖြစ်ပြီး၊ အမေရိကန် အောက်လွှတ်တော်အမတ်အဖြစ် ဆောင် ရွက်နေစဉ် ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ကာ နေအိမ် အကျယ်ချုပ်ကျနေသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့သူဖြစ်သည်။
ထိုသို့တွေ့ဆုံအပြီး တနှစ်ခန့်အကြာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည်။
ယခုသူ၏ မြန်မာပြည်ခရီးစဉ်မှာ သံတမန်ဟောင်း၊ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်းများ ဖြစ်သည့် ဦးငွေထွန်း၊ အငြိမ်းစားလေတပ်အရာရှိကြီး ဗိုလ်မှူးကြီး ခင်မောင်သိန်းတို့က စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ဧရာဝတီမှ စုံစမ်းသိရသည်။
မစ္စတာ ရစ်ချတ်ဆန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း ပဋိပက္ခများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေး အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။
ထိုသို့ တာဝန်ထမ်းဆောင်နေစဉ် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် မပြေမလည်ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် အကြံပေးအဖွဲ့မှ နုတ်ထွက်ခဲ့သည်။
၎င်းက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့သည် ရိုဟင်ဂျာအရေးကိစ္စကို ဖုံးဖိထားရန် ကြိုးစားနေပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ကျင့်ဝတ် သိက္ခာပိုင်းအရ ခေါင်းဆောင်မှု ကင်းမဲ့နေကြောင်း ထိုစဉ်က ရိုက်တာ သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ဝေဖန်ဖူးသည်။
၂၀၂၁ခု ဖေဖေါ်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းခြင်းနှင့် ပတ်သက်၍လည်း မစ္စတာဘေလ်ရစ်ချတ်ဆန်က “မြန်မာစစ်တပ် ဟာ အင်အားသုံးပြီး အတတ်နိုင်ဆုံး တည်ငြိမ်အောင် ပြသရမယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာခေါင်းဆောင် အနေနဲ့ ဒီမိုကရေစီတန်ဖိုးတွေကို မြှင့်တင်ဖို့ ပျက်ကွက်တဲ့အတွက် ဘေးဖယ်ပေးပြီး အခြား ဒီမိုကရေစီခေါင်းဆောင်တွေ ကို နိုင်ငံတကာထောက်ခံမှုနဲ့အတူ အခြေအနေကို ထိန်းချုပ်ခွင့်ပေးရမယ်”ဟု Twitter လူမှုကွန်ရက်တွင် ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ရေးသားခဲ့သည်။
မစ္စတာ ရစ်ချတ်ဆန်၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူတာရက်စ်ကလည်း သိရှိထားပြီး မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသား သတင်းသမား Danny Fester အား ပြန်လွှတ်ပေးရေး ကိစ္စဆွေးနွေးရန် အာဏာပိုင်များနှင့် အစီအစဉ်ရှိ မရှိဆိုသည့် AP သတင်းဌာန၏ မေးမြန်းချက်ကိုမူ မစ္စတာရစ်ချတ်ဆန်၏ ပြောခွင့်ရပုဂ္ဂိုလ်က ငြင်းဆိုသည်။
You may also like these stories:
ပွင့်ထွက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရစ်ချတ်ဆန်တို့၏ ပဋိပက္ခ