သတင်း

သဘာဝဘေးအမှုအတွက် ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယနေ့ ရုံးချိန်းတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅ ဖြင့် စွပ်စွဲကာ တရားစွဲဆိုမှုတွင် ကိုယ်တိုင် သက်သေထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ် သည့် အသိုင်းအဝိုင်းက သိရသည်။

၎င်းအမှုသည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ စက်တင်ဘာလအတွင်းက နေပြည်တော်တွင် ပြုလုပ်သည့် မဲဆွယ်ယာဉ် တန်းအား အိမ်တော်ရှေ့ထွက်ကာ လက်ပြကြိုဆိုနှုတ်ဆက်ခဲ့သည့်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စည်းမျဉ်း ဥပဒေ ချိုးဖောက်သည် ဟုဆိုကာ တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲကာ တရားစွဲဆိုထားမှုများထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ အမှုတို့အား စစ်ဆေးနေခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းသုံးမှုစလုံးအား တရားရုံးက စွဲချက်တင် အမိန့်ချထားသည်။

ယနေ့ရုံးချိန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ အမှုတို့တွင်လည်း ပြန်ခေါ် သက် သေအဖြစ် စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အား ဝင်ရောက်စီးနင်း ရှာဖွေရာတွင် ပါဝင်ခဲ့သည့် ဗိုလ်မှူး တဦး၊ ဗိုလ်ကြီး ၂ ဦး၊ တပ်ကြပ်ကြီးတဦးနှင့် ရဲမှူးတဦးတို့အား အပြန်အလှန် စစ် ဆေးခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင် အမှုပေါင်း ၁၁ မှုဖြင့် တရားစွဲဆိုထားပြီး ရုံးထုတ် စစ်ဆေးနေခြင်း ဖြစ်သည်။

ယင်းသို့ ရုံးထုတ် စစ်ဆေးမှုများနှင့် ပတ်သက်၍လည်း ရှေ့နေ အဖွဲ့ဝင် ၅ ဦးအား ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ဖြေဆိုပြောကြားခြင်း မပြုရန် အာဏာသိမ်း စစ်ကောင်စီက ပိတ်ပင်ထားသည့်အတွက် ယနေ့ ရုံးချိန်း အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ချေပထွက်ဆိုချက်များအား အသေးစိတ် သိရှိရခြင်း မရှိပေ။

You may also like these stories:

အမေရိကန် သံတမန်ဟောင်း Bill Richardson မြန်မာပြည် လာမည်

စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ

အများပြည်သူသို့ သတင်းထုတ်ပြန်ခွင့်မပြုသည့် အမိန့်ကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ

Loading