မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့် မောင်သည် အအေးမိသဖြင့် နေထိုင်မကောင်းဖြစ်နေကြောင်း မန္တလေး NLD ပါတီ အသိုင်းအဝိုင်းက သိရသည်။
“မနေ့က ရုံးထုတ်မှာ ဆရာဇော် ဖျားနေလို့ မိသားစုကနေ ဆေးဝါးပစ္စည်းတွေ ပေးခဲ့ရတယ်လို့ သိရတယ်။ သူ့ကို ချုပ်ထား တဲ့ အခန်းက မိုးမလုံတော့ သူအိပ်ပျော်သွားတဲ့အချိန်မှာ ခေါင်းရေစိုနေတာကို မသိလိုက်ဘူးတဲ့၊ မိုးမိပြီး ဖျားတယ်လို့ သိရ တယ်။ အခုလို အချိန်မှာ ဖျားနာတာဟာ အရင်ကတည်းက ကျန်းမာရေး မကောင်းတဲ့ ဆရာဇော်အတွက်တော့ စိုးရိမ်မိ တာတော့ အမှန်ပဲ” ဟု အောင်မြေသာစံမြို့နယ် NLD ပါတီဝင် တဦးက ပြောသည်။
ဒေါက်တာ ဇော်မြင့်မောင် ဖျားနာပြီး ကျန်းမရေး မကောင်းဖြစ်နေသည်ကို အမှုလိုက်ပါ ဆောင်ရွက်ပေး နေသည့် ရှေ့နေ အဖွဲ့ကလည်း အတည်ပြုပေးခဲ့သလို ရုံးချိန်း၌ မိသားစုဝင်များက ဒေါက်တာ ဇော်မြင့်မောင်အတွက် လိုအပ်သည့် ဆေးဝါး များကို ဝယ်ယူပေးပြီး အကျဉ်းထောင် ဝန်ထမ်းမှတဆင့် ပေးခဲ့ရကြောင်းလည်း ရှေ့နေအဖွဲ့က သိရသည်။
နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုရခြင်းမှာ ဖေဖော်ဝါရီ ၁ ရက် တပ် မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ကြေညာချက်များ ထုတ်ပြန်ခဲ့ခြင်း ကြောင့် လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဖြင့် တရားစွဲဆိုရခြင်းမှာ ဇန်နဝါရီလက ကျုံးမြို့ရိုးဘေး တွင် ပြုလုပ်ခဲ့သည့် COVID 19 ရောဂါကွယ်ရေးအတွက် ရည်ရွယ်လုပ်ဆောင်သည့် တဦးနှင့် တဦး အသိပေး၊ သတိပေး မိသားစု စီမံချက် (Version 3) ဖွင့်ပွဲကြောင့် ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့ပြင် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း ဆေးကုသစရိတ်နှင့် ပါတီရုံးမြေနေရာကိစ္စ၊ စီမံကိန်းဧရိယာနှင့် ဆက်စပ် လယ်ယာမြေများကို အခြားနည်း သုံးစွဲခွင့် ရရှိရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး ဆောင် ရွက်မှုများတွင် အဂတိလိုက်စားမှုရှိခဲ့သည်ဟုဆိုကာ စစ်ကောင်စီခန့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှု ၅ မှုစွဲကာ တရားစွဲဆိုခံထားရကြောင်း သိရသည်။
နိုဝင်ဘာ ၁ ရက်တွင်လည်း ဒေါက်တာဇော်မြင့်မောင်အား အိုးဘိုအကျဉ်းထောင် အထူးတရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားခံပြ သက်သေများကို အဓိက စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေါက်တာ ဇော်မြင့်မောင်သည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၉ ခုနှစ်မှစကာ သွေးကင်ဆာရောဂါ ခံစားခဲ့ရ သဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူခဲ့ရပြီး ကင်ဆာဆေးဝါးများ ယနေ့အချိန်ထိ သောက်နေရသလို ဖမ်းဆီးထိန်းသိမ်းခံရစဉ် စက်တင်ဘာလအတွင်းကလည်း ထောင်အတွင်း၌ ကိုဗစ်ကူးစက်ခံရသဖြင့် မန္တလေး အထွေ ထွေရောဂါကု ဆေးရုံကြီးသို့ တက်ရောက်ကာ ကုသမှု ခံယူခဲ့ရသေးသည်။
You may also like these stories:
သဘာဝဘေးအမှုအတွက် ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆို
အများပြည်သူသို့ သတင်းထုတ်ပြန်ခွင့်မပြုသည့် အမိန့်ကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
ဒေါက်တာ ဇော်မြင့်မောင်နှင့် လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်တို့ကို အဂတိမှုဖြင့် အမှုထပ်ဖွင့်