နေရာင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်ရန် ဆိုလာပါဝါ စီမံကိန်း ၁၂ ခုအတွက် မေလအတွင်းက တင်ဒါခေါ်ယူခဲ့ ရာ စစ်တပ်နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တချို့ပိုင်သော ကုမ္ပဏီများ၊ တရုတ်ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၆ ခုသာ တင်ဒါ ဝင်ပြိုင်ကြောင်း သိရသည်။
ယင်းစီမံကိန်းများအတွက် တရုတ်နှင့် ထိုင်းကုမ္ပဏီများ အပါအဝင် ကုမ္ပဏီပေါင်း ၄၀ နီးပါးက တင်ဒါ ဝယ်ယူ ခဲ့သော်လည်း တင်ဒါ အဆိုပြုလွှာကို ကုမ္ပဏီ ၆ခုကသာ ပြန်လည် တင်သွင်းလာခဲ့ခြင်း ဖြစ်သည်။
ထို ကုမ္ပဏီများမှာ မြန်မာစစ်တပ်အတွက် ယူကရိန်းမှ လက်နက် တင်သွင်းပေးသူဟု လူသိများသည် ဦးအောင်လှိုင်ဦး ပိုင် ဆိုင်သည့် စင်ကာပူတွင် မှတ်ပုံတင်ထားသော MCM Pacific Pte.,Ltd၊ ခရိုနီ ဦးထွန်းမြင့်နိုင် (Steven Law) ၏ Asia World ကုမ္ပဏီအုပ်စုပိုင် Gold Energy၊ ရေတပ် ကာကွယ်ရေး ဦးစီးချုပ် ဦးမိုးအောင်နှင့် ညီအစ်ကိုတော်စပ်သူ ဦးနေအောင် ပိုင် IGE Power Ltd နှင့် တရုတ် ကုမ္ပဏီများမှာ HK New Energy Investment Holdings Limited & Sepco Electric Power Construction Corporation China နှင့် China ITS ကုမ္ပဏီတို့ ဖြစ်ကြောင်း ဧရာဝတီက ရရှိထားသည့် တင်ဒါ လျှောက် တင်ထားသည့် ကုမ္ပဏီစာရင်းအရ သိရသည်။
ဦးအောင်လှိုင်ဦး ပိုင်ဆိုင်သည့် MCM Pacific Pte.,Ltd နှင့် တရုတ်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်သည့် HK New Energy Investment Holdings Limited & Sepco Electric Power Construction Corporation China က စီမံကိန်း ၁၀ ခုအထိ တင်ဒါအဆိုပြုတင်သွင်း ထားသည်။
ပြည်တွင်းရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်း ကမာ္ဘ့ဈေးကွက်တွင် ဆိုလာပါဝါ စီမံကိန်းများအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်တက်နေ၍ စီးပွားရေးအရ တွက်ချေမကိုင်နိုင်သည့် အခြေအနေကြောင့် လျှပ်စစ် ထုတ်လုပ်ရေးကဏ္ဍတွင် အတွေ့အကြုံရှိသော ကုမ္ပဏီများက အဆိုပါ တင်ဒါကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိကြောင်း ရန်ကုန်မြို့ရှိ လျှပ်စစ်ကုမ္ပဏီမှ ဒါရိုက်တာတဦးက ဧရာဝတီသို့ ပြောသည်။
သူက “အရင် တင်ဒါအောင်တဲ့ တရုတ်ကုမ္ပဏီတွေတောင် ပြန်ဆုတ်ဖို့ လုပ်နေကြတာ။ အဲဒီ စီမံကိန်းတွေကလည်း မစနိုင် သေးဘူး။ အခုသူတို့က ဘယ်လို နှုန်းထားတွေနဲ့ တွက်ချေကိုက်အောင် လုပ်မလဲတော့ မသိဘူး။ အခုဝင်ပြိုင်တဲ့ ကုမ္ပဏီတွေကို ကြည့်လိုက်ရင် စီမံကိန်းတွေကို တင်ဒါဝင်ယူပြီး ဝင်ဦးထားတဲ့ သဘောမျိုးလို့ မြင်ရတယ်” ဟု ဆိုသည်။
ယခင်က ဆိုလာပါဝါ စီမံကိန်းများကို တရုတ်ကုမ္ပဏီ အများအပြား ဝင်ရောက် ယှဉ်ပြိုင်မှုရှိခဲ့သော်လည်း ယခုတွင် တရုတ် ကုမ္ပဏီ ၂ ခုခန့်သာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် တရုတ်အစိုးရဘက်က မြန်မာတွင် ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများကို ချေးငွေ ထုတ်ချေးရန် အကန့်အသတ်များ ရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ပြောပြသည်။
စစ်ကောင်စီက ယခု တင်ဒါ ခေါ်ယူထားသော ဆိုလာစီမံကိန်းများကို မန္တလေးတိုင်းတွင် စီမံကိန်း ၅ ခု၊ မကွေးတိုင်းတွင် စီမံကိန်း ၃ ခု၊ စစ်ကိုင်းတွင် စီမံကိန်း ၂ ခု၊ ပဲခူးနှင့် ရှမ်းပြည်နယ်တို့တွင် စီမံကိန်း ၁ စီ အကောင်အထည်ဖော်မည်ဖြစ်ပြီး ထိုစီမံကိန်းများထဲမှ မကွေးတိုင်းမှ စီမံကိန်းတခုကို တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်သူ မရှိခဲ့ပေ။
လတ်တလောတွင် ဟောင်ကောင်အခြေစိုက် Vpower ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အား ပြောင်းလဲ ထုတ်လုပ်မည့် (LNG to Power) စီမံကိန်းများသည်ပင် ကမာ္ဘ့ LNG ဈေးနှုန်းမြင့် တက်လာခြင်းနှင့် ပြည်တွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်ငြိမ်မှုများကြောင့် တွက်ချေ မကိုက်ဖြစ်၍ လုပ်ငန်းများ ရပ်နားထားလျက် ရှိနေသည်။
You may also like these stories:
စီးပွားရေး လုပ်ငန်းကြီးများ မြန်မာကို ကျောခိုင်းမှု တိုးလာနေ
လျှပ်စစ်ရထားစီမံကိန်း မြန်မာနှင့် ဂျပန်ကုမ္ပဏီများဆွေးနွေး