လွတ်လပ်သည့် သတင်းမီဒီယာများအပေါ် ဖိနှိပ်မှု ရပ်တန့်ရေး ပြည်တွင်းပြည်ပက တောင်းဆိုနေချိန်တွင် အာဏာသိမ်း စစ်ကောင်စီက သတင်းမီဒီယာများကို ပိုမိုဖိနှိပ်ရန် ကြိုးပမ်းမှုအဖြစ် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ ကို ထောင်ဒဏ်ပြစ်ဒဏ်များ ထည့်သွင်းကာ ပြင်ဆင်လိုက်သည်။
အဆိုပါ ပြင်ဆင်မှုကို စစ်အာဏာသိမ်းမှု ၉ လပြည့် ဖြစ်သည့် နိုဝင်ဘာ ၁ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်လိုက်ခြင်း လည်း ဖြစ်သည်။
၂၀၁၅ ခုနှစ် သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည့် မူလဥပဒေတွင် ငွေဒဏ်ပြစ်ဒဏ်များသာ ပါဝင်သော် လည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ရန် ပြင်ဆင်လိုက်သည်။
“ဒါက ထိန်းချုပ်ဖို့ပဲဆိုတာ သံသယရှိစရာ မလိုပါဘူး။ ပြစ်ဒဏ်ကလည်း နည်းတယ်လို့တော့ ပြောလို့မရဘူး။ ၅ နှစ် အထိ ထောင်ချနိုင်တယ်။ ဒီပြင်ဆင်ချက်က အွန်လိုင်းပေါ်က Content တွေ၊ မှတ်ပုံမတင်ထားတဲ့ အွန်လိုင်းသတင်း အေဂျင်စီတွေ အဲဒါတွေကို ကြောက်လန့်အောင် ခြိမ်းခြောက်လိုက်တာလို့ မြင်ပါတယ်” ဟု သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်း တဦးက သုံးသပ်သည်။
စစ်ကောင်စီသည် အာဏာသိမ်းသည့်နေ့မှစပြီး လွတ်လပ်သည့် သတင်းမီဒီယာများအပေါ် ဖိနှိပ်မှု အနေဖြင့် သတင်း သမား ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ပြန်လည် လွှတ်ပေးမှုများ ရှိသော်လည်း လက်ရှိ အချိန်အထိ သတင်းသမား ၃၀ ဦးကျော်မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) စသည့် စွပ်စွဲချက်များဖြင့် အကျဉ်ထောင်များထဲတွင် ချုပ်နှောင်ခံရပြီး တရား ရင်ဆိုင်နေရသည်။
ထို့ပြင် ရုပ်မြင်သံကြား ထုတ်လွှင့်မှု ရှိသည့် Mizzima သတင်းဌာနနှင့် DVB သတင်းဌာနများ အပါအဝင် ပုဂ္ဂလိက သတင်း မီဒီယာ ၉ ခုကို ထုတ်လွှင့်ခွင့်၊ ထုတ်ဝေခွင့်များ ပိတ်ပင်ခဲ့ပြီး ရုံးများကိုလည်း အကြမ်းဖက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
သို့သော် DVB၊ Mizzima၊ မြန်မာနောင်း၊ ခေတ်သစ်မီဒီယာ စသည့် သတင်းဌာနအချို့ကမူ သတင်းများ ပုံမှန်အတိုင်း ဆက်လက် ထုတ်လွှင့်နေဆဲ ဖြစ်သည်။
ထိုသို့ သတင်းသမားများအား ဖမ်းဆီး အရေးယူ၊ ထောင်ချနေသည့် လုပ်ရပ်များနှင့် ပတ်သက်၍ လွတ်လပ်သော မီဒီယာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာက ရှုတ်ချကြောင်း၊ ဖမ်းဆီးခံ သတင်းသမားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်း ဆိုကြောင်း အကြိမ်ကြိမ် ထုတ်ပြန်တောင်းဆိုလျက် ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ သတင်းသမားများအတွက် ထိတ်လန့်စိုးရိမ်ဖွယ် အခြေအနေ ဖြစ်နေကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ကလည်း ယမန်နေ့က ထုတ်ပြောခဲ့သည်။
နိုဝင်ဘာ ၂ ရက်တွင် ကျရောက်သော သတင်းသမားများအပေါ် ကျုးလွန်သည့် ရာဇဝတ်မှုများအတွက် အပြစ်ကင်းလွတ် ခွင့် ရနေခြင်း ပပျောက်ရေးနေ့တွင် မြန်မာနိုင်ငံ၌ သတင်းသမားများအပေါ် တိုက်ခိုက်မှုများနှင့် အကြမ်းဖက် ခြိမ်းခြောက်မှု များကြောင့် စိုးရိမ်ထိတ်လန့်စရာ အခြေအနေတရပ် ပေါ်ပေါက်နေပြီး သတင်းအချက်အလက်၊ သဘောထားအမြင်၊ အယူ အဆများ လွတ်လပ်စွာ ဖြန့်ဝေမှုတွင်လည်း အဟန့်အတား ဖြစ်နေကြောင်း UNESCO က ဆိုသည်။
ထို့အတူ မြန်မာနိုင်ငံ အခြေစိုက် ဗြိတိန်သံရုံးကလည်း မြန်မာ သတင်းသမားများသည် ရိုးရှင်းစွာ ထမ်းဆောင်ရုံမျှဖြင့် တရားစွဲဆိုခြင်း၊ ထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း အန္တရာယ်များနှင့် ကြုံတွေ့နေရပြီး သတင်းသမားများ အနေဖြင့် ခြိမ်းခြောက်ခံရခြင်း (သို့) ဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောက်လန့်မှု မရှိဘဲ လုပ်ဆောင်ခွင့်ပြုရန်နှင့် ဖမ်းဆီးထားသူများအား လွှတ်ပေးရန် ယမန်နေ့က တောင်းဆိုခဲ့သည်။
“မြန်မာနိုင်ငံတွင် သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိလျှင် ဒီမိုကရေစီနှင့် အဓိပ္ပာယ်ရှိသော ရွေးကောက်ပွဲ မရှိနိုင်ပါ” ဟု လည်း ဗြိတိန်သံရုံးက ပြောဆိုထားသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် အနေဖြင့်မူ လွတ်လပ်သည့် သတင်းမီဒီယာများအား ဆက်လက်ဖိနှိပ်မည့် အစီအစဉ် အဖြစ် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေတွင် ထောင်ဒဏ်များ ထည့်သွင်းပြင်ဆင်ခြင်းဖြင့် ပြသခဲ့ပြီး မကြာသေးမီ ရက်ပိုင်းကလည်း မီဒီယာများအပေါ် ပိုမိုထိန်းချုပ်ရေး ညွှန်ကြားချက်များ ထွက်ပေါ်ခဲ့သည်။
စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်း အဝေးတွင် အာဏာသိမ်း ခေါင်းဆောင်က နိုင်ငံတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေမှုသည် ပြည်တွင်း ပြည်ပ မီဒီယာများနှင့် အွန်လိုင်းမီဒီယာများကြောင့် ဖြစ်ကြောင်း၊ ပြည်ထဲရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနများ အနေဖြင့် မီဒီယာထိန်းချုပ်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သတင်းထောက်များ၏ အသက်အရွယ် စဉ်းစားသုံးသပ်ရန် စသည် ဖြင့် ပြောကြားခဲ့ပြီး ပြည်နယ်နှင့်တိုင်း အားလုံးရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနများထံ ညွှန်ကြား ဖြန့်ဝေခဲ့သည်။
ယင်းညွှန်ကြားချက် ထွက်ပေါ်လာပြီးနောက် မီဒီယာများအပေါ် ငွေဒဏ်အပြင် ထောင်ဒဏ်ပြစ်ဒဏ် ထည့်သွင်းကာ အရေး ယူမည့် ဥပဒေပြင်ဆင်ချက် ထွက်ပေါ်လာခဲ့သည်။
အဆိုပါ ပြင်ဆင်ချက်တွင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း အဓိပ္ပာယ် ဖွင့်ဆိုရာ၌ မူလဥပဒေပါ ခြွင်းချက်ပေးထား သည့် “အင်တာနက်မှတဆင့် ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုများ အကျုံးဝင်ခြင်း မရှိစေရ” ဆိုသည့် အချက်အား ပယ်ဖျက်ကာ ဥပဒေနှင့် အကျုံးဝင်သည့် လုပ်ဆောင်ချက် အနေဖြင့် “နည်းပညာ တရပ်ရပ်ကို အသုံးပြု၍ ထုတ်လွှင့်ခြင်း”ဟု အစားထိုး ဖြည့်စွက် ထည့်သွင်းခဲ့သည်။
ထို့ပြင် ထပ်တိုးဖြည့်စွက်ချက် ပုဒ်မ ၉၉-က တွင် ၎င်းတို့ ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များ ဖောက်ဖျက်ပါ က ထောင်ဒဏ် ၁ နှစ်မှ ၅ နှစ်အထိ ဖြစ်စေ၊ ကျပ်သိန်း ၁၀၀ မှ ၅၀၀ အထိ ဖြစ်စေ ချမှတ်ရမည့်အပြင် သက်ဆိုင်သည့် ပစ္စည်းများအား ပြည်သူပိုင် သိမ်းဆည်းမည် ဖြစ်ကြောင်း၊ ပုဒ်မ ၁၀၅-က တွင်လည်း ဤဥပဒေနှင့် သက်ဆိုင်သည့် ပြစ်မှု များအား ရဲအရေးပိုင်မှုများအဖြစ် ဖြည့်စွက် ပြဋ္ဌာန်းထားသည်။
သတင်းစာဆရာ ဦးစိန်ဝင်းက “ဒါတွေက ကြိုပြီးတော့ စဉ်းစားထားတာတွေပါပဲ။ အာဏာ သိမ်းပြီးချိန်မှာ လွတ်လပ်တဲ့ မီဒီယာ မလိုချင်တော့ဘူး။ သူ့ရဲ့ (စကစ) အသံ၊ သူရဲ့ လိုချင်တဲ့ လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ပေးမယ့်ဟာ၊ သူ့ ကိုယ်စား ပြောပေးမယ့်ဟာမျိုးပဲ လိုချင်တယ်။ ဓာတ်ပြားဟောင်း ဖွင့်တာပါပဲ” ဟု ပြောသည်။
စစ်ကောင်စီ ပြင်ဆင်လိုက်သည့် ဥပဒေအရ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုအား လိုင်စင်မရှိဘဲ ထုတ်လွှင့်ခြင်း၊ လိုင် စင်သက်တမ်း မတိုးဘဲ ဆက်လက်ထုတ်လွှင့်ခြင်း၊ လိုင်စင်ရုတ်သိမ်း ယာယီကန့်သတ်ထားစဉ် ထုတ်လွှင့်ခြင်းများ ထောင် ဒဏ်ဖြင့် အရေးယူ ခံရနိုင်သည့်အပြင် ယင်းအချက်များ ဖောက်ဖျက်သည့် အွန်လိုင်းပေါ်မှ ရုပ်သံထုတ်လွှင့်မှုများနှင့် ရေဒီ ယို ထုတ်လွှင့်မှုများလည်း အရေးယူခံရနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။
သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်း တဦးက “Web TV လို့ခေါ်တဲ့ အင်တာနက်ပေါ်ကနေ လုပ်တဲ့ ရုပ်သံအစီအစဉ် တွေပေါ့။ ဒီလို အစီအစဉ်တွေက နဂိုက ရုပ်မြင်သံကြားဥပဒေနဲ့ အကျုံးမဝင်ဘူး။ အခုကကျတော့ အင်တာနက်ပေါ်က လွှင့် ကြတဲ့ အထူးသဖြင့် သတင်းတွေကို ပိုပြီး ပစ်မှတ်ထားချင်တယ်လို့ ထင်တယ်။ ဒါက ချုပ်ကိုင်လိုက်တဲ့ သဘောပါပဲ” ဟု ဆို သည်။
မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများအထိ အင်တာနက်သုံးစွဲမှု တိုးတက်လာခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချမှု အနေဖြင့် စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ အဓိက ရုပ်သံလွှင့် မီဒီယာများ ဖြစ်သည့် DVB နှင့် Mizzima သတင်းဌာနများ၏ ထုတ်လွှင့်မှုများအား ဖြတ်ချခြင်း၊ ယင်းသတင်းဌာနများကို ဖမ်းယူကြည့် ရှုနိုင်သည့် ဂြိုဟ်တု စလောင်းများကို ဖမ်းဆီးဖြုတ်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။
သတင်းစာဆရာ ဦးစိန်ဝင်းက “ပြောရရင်တော့ သတင်းလွတ်လပ်ခွင့်ကို ရိုက်ချိုးလိုက်တာပါပဲ။ သူ့ကို (စကစ) သတင်း လွတ်လပ်ခွင့်အကြောင်း သွားပြောရင်တော့ ကျွဲပါးစောင်းတီးပဲ ဖြစ်မှာပဲ။ သူက အာဏာကို သိမ်းတယ်၊ သတင်းမီဒီ ယာတွေကို အမှောင်ချတယ်။ သူ့ရဲ့ အာဘော်တွေကိုပဲ ပြုစုပျိုးထောင်တာ လုပ်တယ်။ အားဖြည့်တာပါပဲ။ ပြောရရင် သူခိုး ဓားပြဆိုတာ လူသိခံရမှာ ကြောက်တော့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ကြောက်တာပါပဲ။ ဒီသဘောပါပဲ” ဟု မှတ် ချက်ပြုသည်။