တော်လှန်ရေးကာလ လူငယ်များ ပညာရေးနှင့် အဆက်မပြတ်စေရန် ကယားပြည်နယ် အခြေစိုက် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က ပညာရေးကော်မတီနှင့် ကျန်းမာရေးကော်မတီတို့ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်သည်။
KSCC)သည် ကရင်နီပြည် (ကယားပြည်နယ်) ရှိ ရွေးကောက်ခံအမတ်များ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ အပါအဝင် ဘက်အသီးသီးမှ အင်အားစုများနှင့် ယခုနှစ်ဧပြီလ ၉ ရက်က ဖွဲ့စည်းထားသည့် ကောင်စီဖြစ် သည်။
အောက်တိုဘာ ၁၆ ရက်က ပြုလုပ်သည့် အတိုင်ပင်ခံကောင်စီ၏ ၃၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အဖွဲ့ဝင် ၇ဦး ဖြင့် ပညာရေးကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်။
KSCC ပြောခွင့်ရ ခူပလူးရယ်က “အခု အခြေအနေကလေ တော်လှန်ရေး ကာလမှာ ကျောင်းသားလူငယ်တွေက ပညာရေး အဆက်ပြတ်နေတာပေါ့။ အဲဒီ အပေါ်မှာ တစုံတရာလုပ်ရင် ကောင်းမယ် ဆိုတာမျိုး အကြောင်းပေါ်လာတာပေါ့။ နွေဦး တော်လှန်ရေးကတော့ တိုက်တော့ တိုက်နေတာပဲ။ ဒါပေမဲ့ တိုက်ရင်းနဲ့ပဲ လူ ငယ်တွေ ပညာရေးကို အဆက်မပြတ် သင်ယူနိုင်မယ့်နည်းကို ဖော်ထုတ်ပေးဖို့၊ ဖြည့်ဆည်းပေးဖို့ ဆိုတာမျိုး ဖွဲ့စည်းပြီး လုပ် လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ပညာရေးကော်မတီသည် အရေးပေါ်အခြေအနေမှ ပြန်လည်ထူထောင်ရေး ကာလအထိ ကရင်နီပြည်နယ်၏ ပညာရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒ ရေးဆွဲချမှတ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ပူးပေါင်းရန်နှင့် ကရင်နီပြည်နယ် အမျိုးသားပညာရေးစနစ် မူဝါဒများ ပေါ်ထွန်းလာရန် ဆောင်ရွက်သွားမည်ဟု သိရ သည်။
KSCC ပြောခွင့်ရ ခူပလူးရယ်ကလည်း ပညာရေးကော်မတီတွင် လက်တွေ့ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် ၃ ရပ် ရှိသည်ဟု ရှင်းပြသည်။
ပထမအချက်မှာ ပညာရေး အဆက်ပြတ်နေသည့် လူငယ်နှင့် ကလေးများ ဆက်လက် ပညာသင်ကြားနိုင်ရန် ပညာရေး ဝန်ဆောင်မှု ပေးနေသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးရေးဖြစ်ပြီး ဘေးကင်းသည့် နေရာများတွင် ကျောင်းများ ပြန် ဖွင့်နိုင်ပါက ပြန်ဖွင့်ရန် ကူညီပေးခြင်းများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အဲဒါပြီးရင် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်တွေပေါ့။ NUCC နဲ့ NUG တို့ကလည်း လုပ်ဆောင်နေတာ ရှိပါတယ်။ အဲဒါ ကို ကျနော်တို့ ပြည်နယ်အတွက် ပါဝင်ပူးပေါင်း လုပ်ဆောင်ဖို့ဆိုတဲ့ တချက်လည်း ထားထားပါတယ်။ နောက်တခုက အဲဒီ အပေါ်မှာ အခြေခံပြီး ဖက်ဒရယ်ယူနစ်တို့ ဖြစ်လာလို့ရှိရင် ပြည်နယ်အသီးသီးမှာ သူ့မူနဲ့သူ ရှိရမယ် ဆိုတာက ဖက်ဒရယ်မှာ လည်းရှိတော့ ကျနော်တို့ အနေနဲ့ကလည်း အဲဒါတွေ လုပ်ထားဖို့ လိုတယ်။ သူများနည်းတူပေါ့။ ပြင်ဆင်ထားဖို့ လိုတယ်ဆို တဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းလိုက်တာပါ” ဟု ခူပလူးရယ်က ပြောသည်။
နောက်ပိုင်းကာလများတွင် ပညာရေးနှင့် ပတ်သက်သည့်ဌာနများ ခိုင်ခိုင်မာမာ ပေါ်ပေါက်လာပါက ပညာရေးကော်မတီကို ယင်းဌာနများသို့ လွှဲပြောင်းပေးသွားရန်လည်း စဉ်းစားထားသည်ဟု ၎င်းက ဆိုသည်။
ထို့အတူ KSCC က ကျန်းမာရေးကော်မတီကိုလည်း အဖွဲ့ဝင် ၇ ဦးဖြင့် အောက်တိုဘာ ၂၃ ရက်က ကျင်းပသည့် KSCC ၏ ၃၇ ကြိမ်မြောက် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည်။
ယင်း ကျန်းမာရေးကော်မတီသည် အရေးပေါ်အခြေအနေမှ ပြန်လည်ထူထောင်ရေး ကာလအထိ ကရင်နီပြည်နယ်၏ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ကျန်းမာရေး မူဝါဒ ရေးဆွဲချမှတ်ရေး လုပ် ငန်းစဉ်တွင် ပါဝင်ပူးပေါင်းရန်နှင့် ကရင်နီအမျိုးသား ကျန်းမာရေးမူဝါဒများ ပေါ်ထွန်းလာရန် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း KSCC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
KSCC က ဖွဲ့စည်းထားသည့် ပညာရေးနှင့် ကျန်းမာရေးကော်မတီ ၂ ရပ်သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အခြားပြည်နယ်ကိုယ်စားပြု အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်း သားလူမျိုးအခြေပြု ပညာရေး၊ ကျန်းမာရေး အဖွဲ့အစည်းများ စသည့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ပါဝင်ပတ်သက်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
KSCC ကို ကရင်နီအမျိုးသားများ၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သော အမျိုးသားတန်းတူရေး၊ တရားမျှတရေး၊ ဒီမိုကရေ စီရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုအား အခြားတိုင်းရင်းသားများနှင့် ယှဉ်တွဲနေ ထိုင်သွားရေး ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီက ကျင်းပသည့် NCA ၆ နှစ်ပြည့်ပွဲ KNU တက်ခဲ့သလား
စစ်ကောင်စီ NCA ၆ နှစ်ပြည့်ပွဲ CNF နှင့် KNU မတက်