မြန်မာနိုင်ငံရှိ ဧရာဝတီ၊ ချင်းတွင်း မြစ်ကြောင်းတလျှောက် ကမ္ဘာလှည့်ခရီးသွားများကို တင်ဆောင်ကာ ၂၅ နှစ်တာ ပြေးဆွဲ ခဲ့သည့် “ပန်းတော်”အပျော်စီးသင်္ဘော ပြေးဆွဲမှု လုပ်ငန်းကို နိုင်ငံရေးအခြေအနေကြောင့် ရပ်ဆိုင်းလိုက်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရသိရသည်။
မြစ်တွင်း အပျော်စီးသင်္ဘော အော်ပရေတာ ပန်းတော် (Pandaw) ၏ ဝက်ဆိုက်နှင့် လူမှုကွန်ရက်တွင် COVID – 19 ကြောင့် နိုင်ငံတကာ အပန်းဖြေခရီးစဉ်များ ထိခိုက်သဖြင့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် အိန္ဒိယနိုင်ငံရှိ လုပ်ငန်းများ ပိတ်သိမ်းရခြင်း၊ မြန်မာနိုင်ငံမှ နိုင်ငံရေးအခြေအနေကြောင့် ကုမ္ပဏီသည် ငွေဖော်နိုင်မှုကင်းမဲ့ခြင်း၊ COVID- 19 ကပ်ရောဂါ အလွန် နောက်ထပ် ငွေကြေးစိုက်ထုတ်မှု မရှာဖွေနိုင်ခြင်းတို့ကြောင့် မြစ်ကြောင်းအပန်းဖြေခရီးကို ရပ်ဆိုင်းရုံမှတပါး အခြား ရွေးစရာမရှိ၍ ကြေညာရခြင်းဖြစ်ကြောင်း၊ ထို့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ရေးသားထားသည်။
ပန်းတော်ကုမ္ပဏီကို ကိုတည်ထောင်သူ ပေါ စထရာချန်က “ ဒီအချိန်က ကျနော့်အတွက်တော့ အရမ်းကို ဝမ်းနည်းကြွေကွဲ ရချိန်ပါပဲ။ အမှန်တကယ် စွန့်စားသွားလာမှုတွေကို လုပ်ပြီး ၂၅ နှစ်ကြာတဲ့နောက် ကုန်သွားတဲ့ ခေတ်တခေတ်ရဲ့ အထိမ်း အမှတ်လည်း ဖြစ်ပါတယ်။ ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ပယ်ဖျက်ပြီးတဲ့နောက် ခရီးသွားဖို့ မျှော်လင့်နေတဲ့ ကျနော်တို့ရဲ့ ပုံမှန်ခရီးသည်တွေကို စိတ်ပျက်စေတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ ပန်းတော်နဲ့ အတူရပ်တည်ခဲ့ပြီး နောက်နှစ်မှာ ပြန်လည်စတင်ဖို့မျှော်လင့်နေတဲ့ ကျနော်တို့ရဲ့ သင်္ဘောဝန်ထမ်းနဲ့ ကမ်ခြေဝန်ထမ်း ၃၀၀ ကျော်အတွက် လည်း စိတ်နှလုံးကြေကွဲရပါတယ်” ဟုလည်း ဆိုထားသည်။
၂၀၂၂ ခုနှစ်တွင် ပြန်စရန် စီစဉ်ထားရာ ကြိုတင်အမှာ အများအပြားကို လက်ခံရထားသော်လည်း ကုမ္ပဏီ အနေဖြင့် သင်္ဘော ၁၇စင်းကို နောက်ထပ်တနှစ် လည်ပတ်ရန်နှင့် လုပ်ငန်းများ အသစ်တဖန် ပြန်လည်လည်ပတ်ရေး အဓိကကျ သည့် ပြုပြင်မှုများ လုပ်ရန် ငွေကြေးစိုက်ထုတ်မှု မရတော့သဖြင့် လုပ်ငန်းများ ပြန်စတော့မည့် အချိန်တွင် မရေမရာဖြစ်ခဲ့ ကြောင်း၊ ရင်းနှီးမြှပ်နှံသူ အသစ်များရှာရန် သို့မဟုတ် အခြားပုစံဖြင့် ဘဏ္ဍာရေးထောက်ပံမှုများ ရရန် လွန်ခဲ့သည့်နှစ်က ကုမ္ပဏီအနေဖြင့် မနားမနေကြံဆောင်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိဟုလည်း ရေးသားထားသည်။
မြန်မာနိုင်ငံတွင် အပျော်စီးသင်္ဘောဖြင့် ညအိပ်မြစ်တွင်းခရီးစဉ်များကို ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် ပထမဆုံး ပြေးဆွဲခဲ့သည့် ပန်းတော်ကုမ္ပဏီကို စကော့တလန်လူမျိုး သမိုင်းပညာရှင် ပေါလ်စထရာချန်က ထူထောင်ခဲ့ပြီး မိသားစုပိုင် ကုမ္ပဏီဖြစ်သည်။
ပန်းတော်သည် မြစ်ကြောင်းခရီးစဉ်များကို ဧရာဝတီမြစ်ရိုးတလျှောက် ရန်ကုန်- ဗန်းမော်၊ ပြည်- မန္တလေး၊ ရန်ကုန်- ပြည်- မန္တလေး – မင်းကွန်း၊ မန္တလေး- ပုဂံနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် တလျှောက် ခရီးစဉ်များကို ပြေးဆွဲပေးခဲ့သလို ချင်းတွင်မြစ် ရိုး တလျှောက်တွင်လည်း ပြေးဆွဲပေးခဲ့သည်။
ပန်းတော် အပန်းဖြေ မြစ်ကြောင်းခရီးစဉ်များကို ရပ်လိုက်သော်လည်း လက်ရှိမြန်မာ့အကျပ်အတည်းတွင် မြန်မာပြည်သူ များကို ထောက်ပံ့နေသည့် ပန်းတော် အကူအညီပေးရေးအဖွဲ့ကမူ ဘဏ္ဍာတော်ထိန်းအဖွဲ့၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။
You may also like these stories:
စီးပွားရေး လုပ်ငန်းကြီးများ မြန်မာကို ကျောခိုင်းမှု တိုးလာနေ
ဆိုလာပါဝါ စီမံကိန်း တင်ဒါအတွက် တပ်နှင့် နီးစပ်သည့် ကုမ္ပဏီ ၆ ခုသာဝင်ပြိုင်
ရန်ကုန်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှုမှ အိန္ဒိယ Adani အုပ်စု နုတ်ထွက်မည်