သတင်း

ဒေသတွင်း ကုန်သွယ်ရေးစာချုပ် RCEP စတင် သက်ဝင်ရာတွင် မြန်မာ ချန်လှပ်ထားခြင်း ခံရ

စတင်အသက်ဝင်တော့မည့် ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုစာချုပ် Regional Comprehensive Economic Partnership – RCEP အတွင်း ပါဝင်ရေး မြန်မာဘက်မှ ပို့ထားသော အတည်ပြုစာချွန်လွှာကို ဂျကာတာရှိ အာဆီယံအတွင်းရေးမှူးရုံးက အသိအမှတ်မပြုဘဲ ချန်ထားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက် ထုတ်ပြန်ကြေညာချက်အရ အာဆီယံအတွင်းရေးမှူးရုံးသည် အတည်ပြုစာချွန်လွှာ ပြန်ပေးပို့သော အာဆီယံအသင်းဝင် ၆ နိုင်ငံဖြစ်ပြီး ယင်းတို့သည် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြစ်ကြသည်။ စာချုပ်တွင် ပါဝင်ရန် အတည်ပြုကြောင်း ပြန်ပေးပို့လာသော အခြားနိုင်ငံများမှာ ဩစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် နယူးဇီလန်တို့ဖြစ်သည်။

RCEP တွင် အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်ကြမည် ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းဖြစ်သောကြောင့် ကုန်သွယ်ရေးသမိုင်းတွင် အကြီးမားဆုံးလည်း ဖြစ်သည်။ ယင်းစာချုပ်ပါနိုင်ငံများသည် နှစ် ၂၀ အတွင်း ပို့ကုန်အခွန် ၉၀ ရာခိုင်နှုန်းအထိ လျှော့ချရမည်ဖြစ်ပြီး အီးကောမတ်စ်၊ ကုန်သွယ်ရေးနှင့် ဉာဏပစ္စည်း မူပိုင်ခွင့်တို့ တတန်းစားတည်း ဖြစ်သွားမည်။

“စာချုပ်ဝင်နိုင်ငံတွေရဲ့ အတည်ပြုရေး လုပ်ငန်းစဉ်ဟာ ကမ္ဘာနဲ့ ဒေသတွင်းက ပြည်သူလူထုတွေရဲ့ အကျိုးအတွက် ပွင့်လင်းမျှတတဲ့ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်အပေါ် ခိုင်မာတဲ့ သံန္နိဌာန်ကို ရောင်ပြန်ဟပ်လိုက်တာပါ။ နောင်နှစ် ဇန်နဝါရီမှ စတင်မယ့် RCEP သဘောတူစာချုပ်က ကိုဗစ်နိုင်းတင်းအလွန် စီးပွားရေးပြန်လည်နာလန်ထူဖို့ ကြိုးစားချက်တွေကို မဟာအင်အားနဲ့ မြှင့်တင်သွားပါလိမ့်မယ်”ဟု အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒါတိုလင်ဂျော့ဟွိုင်က ထုတ်ပြန်ကြေညာချက်၌ ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် RCEP သဘောတူစာချုပ်ကို ၂၀၂၀ နိုဝင်ဘာတွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အွန်လိုင်းအစည်းအဝေးတွင် တရားဝင်လက်မှတ်ရေးထိုးခဲ့သည်။ ထို့ကြောင့် လာမည့်နှစ်တွင် အသက်ဝင်မည့် သဘောတူစာချုပ်ကို အာဆီယံအနေဖြင့် စတင်အကောင်အထည်ဖော်ရန် အသင်းဝင်နိုင်ငံများ၏ အတည်ပြုစာချွန်လွှာများကို တောင်းခံခဲ့ရာ အာဏာသိမ်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြန်လည်ပို့ဆောင်ထားကြောင်း ဧရာဝတီက သိရှိထားသည်။

သို့သော် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ထုတ်ပြန်ကြေညာချက်တွင်မူ မြန်မာနိုင်ငံ မပါဝင်ခဲ့ချေ။ ယင်းသည် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြီးခဲ့သည့် အပတ် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ မဖိတ်ကြားခဲ့ခြင်းအပြီး ကျဆင်းလာနေသော အာဆီယံနှင့် မြန်မာကြား ဆက်ဆံရေး ကျဆင်းလာနေမှုကိုလည်း ပြသနေသည်။

ဗုဒ္ဓဟူးနေ့ကလည်း မြန်မာနိုင်ငံကိုယ်စား စာရင်းစစ်ချုပ် ဒေါက်တာကံဇော် ဦးဆောင်ပြီး တက်ရောက်နေသည့် အာဆီယံ စာရင်းစစ်မှူးချုပ်များ အွန်လိုင်းအစည်းအဝေးတွင် မြန်မာ ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဗီဒီယိုမိန့်ခွန်းကို ဖွင့်ပြခဲ့ရာ အာဆီယံသည် အခြေခံမူများကို “ဖောက်ဖျက်နေ”ကြောင်း ပြောသည်။

အာဆီယံက ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် လက်ရှိဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး အီရာဝန် ယူဆွပ်ကို မြန်မာနိုင်ငံတွင်း ပေးဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်ကို ပေးရန် မြန်မာ အာဏာသိမ်း စစ်ကောင်စီ တောင်းဆိုခဲ့ပြီး မြန်မာက ဂျကာတာ ဘုံသဘောတူညီချက်ကို မလိုက်နာခဲ့သောကြောင့် မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံက အစည်းအဝေး မဖိတ်ကြားတော့ပေ။

RCEP သဘောတူစာချုပ်ကို တရုတ်နိုင်ငံကလည်း ကြိုဆိုနှုတ်ခွန်းဆက်ကြောင်း ဖော်ပြထားသည့် ကွန်မြူနစ်ပါတီအာဘော် The Global Times သတင်းဆောင်းပါးတပုဒ်၏ ဓာတ်ပုံတွင် လက်ရှိ ဖမ်းဆီး တရားစွဲခံနေရသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ဖော်ပြထားသည်။

You may also like these stories:

မြန်မာစစ်အာဏာသိမ်းမှု တရားမဝင်ကြောင်း ASEAN အသိအမှတ်ပြု

မြန်မာနေရာ လစ်လပ်နေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး

စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်

PR စနစ်နဲ့ စစ်ကောင်စီ နိုင်ငံရေးအသက်ဆက်ချင်

Loading