နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှု စွပ်စွဲချက်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်သည် ယနေ့ သက်သေထွက်ဆိုရန် တရားရုံးသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
တရားရုံးနှင့် နီးစပ်သူတဦး၏ ပြောကြားချက်အရ ဒေါ်ခင်မိမိကြွယ်ကို ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် စစ်ဆေးကြားရန် ချိန်းဆိုထားခြင်းဖြစ်သော်လည်း နေမကောင်းသည့်အတွက် မလာရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဦးဖြိုးမင်းသိန်းထံမှ ရွှေ ၇ ပိသာနှင့် ဒေါ်လာ ၆ သိန်း လက်ခံရယူခဲ့သည် ဟုဆိုကာ အဂ တိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် စစ်ကောင်စီက တရားစွဲထားခြင်း ဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်ပြီး ဦးဖြိုးမင်းသိန်း ကိုယ်တိုင်လည်း တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်အား လာဘ်ပေးခဲ့ ကြောင်း ထွက်ဆိုထားသည်။
အဆိပါ စွပ်စွဲထွက်ဆိုချက်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က All Absurd (အဓိပ္ပာယ်မရှိ မဟုတ်တမ်း တရားတွေ) ဟု ပြောဆိုခဲ့ပြီး ဦးဖြိုးမင်းသိန်း အနေဖြင့် ပေးစရာအကြောင်း မရှိသကဲ့သို့ ၎င်းအနေဖြင့် ယူစရာအကြောင်း လည်း မရှိကြောင်း ပြောဆိုထားသည်။
ယနေ့ ရုံးချိန်းတွင် အခြားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် စွဲဆိုထားသည့် အမှု ၂ ခုကိုလည်း စစ်ဆေးရာ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မြေယာဌာနမှူးဟောင်း ဦးစိုးနိုင်အား စွပ်စွဲခံရသူများ၏ ရှေ့နေများက အပြန်အလှန် စစ်မေးခဲ့ကြသည်။
ယနေ့ ရုံးချိန်း ပျက်ကွက်ခဲ့သည့် ဦးဖြိုးမင်းသိန်း၏ဇနီး ဒေါ်ခင်မိမိကြွယ်နှင့် ပတ်သက်၍ သက်သေအဖြစ် ကြားနာရန် ရှေ့လာမည့် ရုံးချိန်းအား ပြန်လည်ချိန်းဆိုခဲ့ပြီး နေပြည်တော်စည်ပင် မြေယာဌာနမှ တာဝန်ရှိသူ ဒေါက်တာပွင့်သန္တာကျော် ကိုလည်း သက်သေအဖြစ် ကြားနာမည် ဖြစ်ကြောင်း သိရသည်။
အရပ်သားအစိုးရအား ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ထားပြီး အမှု ၁၀ မှုဖြင့် တရားစွဲဆိုထားသည်။
ထို့ပြင် နေပြည်တော်တွင် နေထိုင်သည့် ဦးညီညီဆိုသူကလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် သီးခြားအမှုတမှု စွဲဆိုထားသေးသည်။
ယနေ့ ရုံးချိန်းတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် အဂတိမှု ၅ မှုအနက် ၄ မှုကို အထူးသီးသန့် တရားရုံးဖွင့်ကာ စစ်ဆေးနေခြင်းဖြစ်ပြီး နောက်တပတ် ရုံးချိန်းအား နိုဝင်ဘာ ၁၂ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားသည်။
You may also like these stories:
ဦးဖြိုးမင်းသိန်း ထွက်ဆိုချက် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို
ဒေါ်အောင်ဆန်းစုကြည် လာဘ်စားကြောင်း ဦးဖြိုးမင်းသိန်း ထွက်ချက်ပေးတဲ့အခါ
အမှုက တည်ဆောက်ပြီးလို့ တရားရုံး တင်လိုက်တာတောင် သက်သေခံပစ္စည်း မရှိဘူး
ကျန်းမာရေးကြောင့် အမှုများတပတ်ခြားစစ်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုမှု ငြင်းပယ်ခံရ
ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိစွပ်စွဲချက် ဦးဖြိုးမင်းသိန်းဇနီး သက်သေထွက်ဆိုမည်
သဘာဝဘေးအမှုအတွက် ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆို
အာဏာသိမ်းနေ့ ဖမ်းဆီးမှုအကြောင်း ဒေါက်တာ မျိုးအောင် ထွက်ဆိုချက် တရားလိုရှေ့နေကန့်ကွက်