မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာစစ်တပ်၏ အစုရှယ်ယာများပါဝင်သည့် Mytel ကုမ္ပဏီသည် အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုများ၏ နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ခိုက်မှုကို ခံနေရသည်။
Mytel ကုမ္ပဏီသည် မြန်မာစစ်တပ်နှင့်ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel တို့ဖက်စပ်လုပ်ကိုင်သည် ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပြီး မြန်မာစစ်တပ်အတွက် ဝင်ငွေရှာပေးနေသည့် လုပ်ငန်းတခု ဖြစ်သောကြောင့် ပစ်မှတ်ထားခံနေရခြင်း ဖြစ်သည်။
Mytel ကို ဆန့်ကျင်မှုများတွင် အကြမ်းမဖက်နည်းဖြင့် Mytel ကုမ္ပဏီထုတ် ဖုန်းဆင်းကတ်၊ အင်တာနက်ဝိုင်ဖိုင်များအား အသုံးမပြုဘဲ သပိတ်မှောက်သည်များ ရှိသကဲ့သို့ Mytel တာဝါတိုင်များကို ဗုံးခွဲတိုက်ခိုက်သည့် အကြမ်းနည်းဖြင့် ဆန့်ကျင်မှုများလည်းရှိသည်။
မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများအကြောင်း ဖော်ထုတ်ရေးသားနေသည့် Justice For Myanmar အဖွဲ့၏ ရေးသားချက်အရ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စစ်တပ်ထိန်းချုပ်ထားသည့် Mytel ဖုန်းကွန်ရက်ကို အသုံးမပြုတော့သူ သန်းနှင့်ချီရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်မှ ဧပြီလအထိ Mytel မိုဘိုင်းဖုန်းကွန်ရက်ကို ကျောခိုင်းသွားသူ ၂ သန်းရှိပြီး အနည်းဆုံးအမေရိကန် ဒေါ်လာ ၂၄.၉ သန်း ထိခိုက်နစ်နာခဲ့ရကြောင်း Justice For Myanmar က နိုဝင်ဘာလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ထို့အပြင် အာဏာသိမ်းမှု ပထမနှစ်လအတွင်း မိုင်တဲလ်ပေး အရောင်းကိုယ်စားလှယ် ၁၀၀၀၀ ဝန်းကျင်က နှုတ်ထွက်ခဲ့ကြကြောင်း Justice for Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် အာဏာသိမ်းမှုမတိုင်မီ က အရောင်းကိုယ်စားလှယ်အရေအတွက်သည် ဇန်နဝါရီလတွင် ၅၄,၄၃၀ ဦးရှိရာမှ ဇူလိုင်လတွင် ၃၈,၁၈၉ ဦးအထိရှိလာကြောင်း ၊ အရောင်းကိုယ်စားလှယ် ၁၆၂၄၁ ဦး လျော့ကျသွားကြောင်း သိရသည်။
လူထုလှုပ်ရှားမှု၏ အစိတ်အပိုင်းတရပ်အဖြစ် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများအပေါ် သပိတ်မှောက်မှုများအား တွန်းအားပေးသည့် အများပြည်သူ သတင်းစကားများ လူမှုကွန်ရက်ပေါ် များပြားပြန့်နှံ့လာခဲ့ပြီးနောက် မြန်မာစစ်တပ်နှင့် နိုင်ငံခြားကုမ္ပဏီများ ဖက်စပ်လုပ်ကိုင်သည့် Mytel ဆက်သွယ်ရေး ကုမ္ပဏီအပါအဝင် Ruby စီးကရက်နှင့် မြန်မာဘီယာတို့မှာ သပိတ်မှောက်ရမည့် အဓိကပစ်မှတ်များဖြစ်လာခြင်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီနှင့် ဆက်နွယ်သည့် ထုတ်ကုန်များနှင့် စီးပွားရေးလုပ်ငန်းများကို ပြည်သူလူထုက ခွဲခြားသိရှိနိုင်ရန် သတင်းအချက်အလက်ပေးနေသော အားထုတ်ကြိုးပမ်းမှုများကြောင့်လည်း စစ်တပ်ပိုင် စီးပွားရေးများကို ဆန့်ကျင်ရန် လူသိများလာခြင်းဖြစ်သည်။ ထို့ကဲ့သို လှုပ်ရှားမှုတွင် ဝေးဝေးနေ (Way Way Nay) ကဲ့သို့ အပ်ပလီကေးရှင်းနှင့် သတင်းဝဘ်ဆိုဒ်များမှာ အထူးထင်ရှားသည်။
မိုင်တဲလ်သပိတ်မှောက်လှုပ်ရှားမှုများတွင် သုံးစွဲသူများမှ မိုင်တဲလ်ဆဲင်းကဒ်များအား ဖျက်ဆီးခြင်းနှင့် မိုင်တဲလ်နံပါတ်ဖြင့် ဖုန်းခေါ်ဆိုမှုများမလုပ်ခြင်း၊ အရောင်းဆိုင်ပိုင်ရှင်များက မိုင်တဲလ် ထုတ်ကုန်များနှင့် အမှတ်အသားများအား ၎င်းတို့ဆိုင်များမှ ရှင်းလင်းဖယ်ရှားခြင်းအပြင် မိုင်တဲလ်ထုတ်ကုန်များအား ရောင်းချခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်းများကို ငြင်းဆိုခြင်းများ ပါဝင်ကြောင်း Justice for Myanmar ၏ ကြေညာချက်အရ သိရသည်။
ယခင်က Mytel ကုမ္ပဏီတွင် ဆက်သွယ်ရေးတာဝါတိုင် ထိန်းသိမ်းပြုပြင်သည့် ဝန်ထမ်းလုပ်ခဲ့ပြီး လက်ရှိတွင် ကရင်ပြည်နယ်ရှိ လွတ်မြောက်နယ်မြေတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်လုပ်ကိုင်နေသော အင်ဂျင်နီယာတဦးကလည်း ပြည်သူလူထုသည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ်မုန်းတီးမှုကြောင့် Mytel ကုမ္ပဏီကို သပိတ်မှောက်ဆန့်ကျင်လာကြခြင်းဖြစ်ကြောင်း ပြောသည်။
“ဒီငွေတွေက လက်နက်ဝယ်ဖို့ တွန်းအားဖြစ်တာ မဖြစ်တာထက် အခုအာဏာသိမ်းတာက မင်းအောင်လှိုင်ကြောင့် ဖြစ်တာပေါ့။ ဒါကြောင့် မင်းအောင်လှိုင်နဲ့ ပတ်သက်သမျှကို တိုက်တာပဲ။ အခုလုပ်နေတာတွေက မင်းအောင်လှိုင်ကိုလည်း ထိခိုက်တယ်လို့ တွက်လို့ရတယ်။ သူတို့တွေက ဘယ်လိုပဲဖြစ်ဖြစ် အဝိုင်းတခုထဲမှာ ရှိနေတဲ့လူတွေပဲ။ အခုပဲကြည့် သူတို့ စစ်တပ်က တာဝါတိုင်တွေကို ဝါးတွေနဲ့ကာထားတာ။ ဗုံးတွေလိုက် ထောင်ထားတာ။ ဒါက ပုဂ္ဂလိက ကုမ္ပဏီသာဆိုရင် စစ်သားတွေက လိုက်စောင့်ရှောက်ပေးစရာ အကြာင်းကို လုံးဝမရှိဘူး” ဟု ၎င်းက ဆိုသည်။
၎င်းကိုယ်တိုင်လည်း လူမိုက်အားပေးမလုပ်ချင်သဖြင့် စစ်တပ်ထိန်းချုပ်ထားသည့် Mytel ကုမ္ပဏီမှ အလုပ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
“အလုပ်ထွက်တာကတော့ ရှင်းတယ်။ လူမိုက်အားပေးမလုပ်ဘူး။ အာဏာသိမ်းလိုက် ကတည်းက မိုင်တဲကတ်ဆိုရင်လည်း လုံးဝမသုံးတော့ဘူး။ မိုင်တဲနဲ့ ဆက်စပ်တာဆိုရင် မသုံးဘူး။ ဝိုင်ဖိုင်တပ်ချင်တာတောင် မိုင်တဲလ်ဝိုင်ဖိုင်ပဲ ရရင်တောင် ကျနော်မတပ်ဘူး။ အခုကိုယ့်ရဲ့တခြားဆင်းကတ်နဲ့ ရအောင်သုံးတယ်။ မိုင်တဲကို တိုက်တာတော့ အများကြီးဆက်ရှိနေဦးမှာပဲ” ဟု Mytel ကုမ္ပဏီတွင် ဆက်သွယ်ရေးတာဝါတိုင် ထိန်းသိမ်းပြုပြင်သည့် ဝန်ထမ်းလုပ်ခဲ့ဖူးသည့် အင်ဂျင်နီယာက ပြောပြသည်။
အဆိုပါ အင်ဂျင်နီယာကဲ့သို့ Mytel ကုမ္ပဏီကို သပိတ်မှောက် ဆန့်ကျင်ကြသူများရှိသကဲ့သို့ မိုင်တဲတာဝါတိုင်များကို ဗုံးခွဲ ဖြိုလှဲကြသည့် သူများလည်းရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာလ ၇ ရက်တွင် ပြည်သူ့ခုခံကာကွယ်ရေး စစ်ကြေညာလိုက်ပြီးနောက် မိုင်တဲတာဝါတိုင်များကို ဗုံးခွဲတိုက်ခိုက်မှုများ ပိုများလာခြင်းဖြစ်ကြောင်း နိုင်ငံတကာလုံခြုံရေး သုတေသီများက သုံးသပ်ကြသည်။
တိုက်ခိုက်ရသည့် အကြောင်းအရင်းမှာ စစ်တပ်၏ ဝင်ငွေရလမ်းကြောင်းကို အထိနာစေရန်ဖြစ်ပြီး အခြားသော ပစ်မှတ်အမာများထက် တိုက်ရခိုက်ရ ပိုလွယ်ကူသောကြောင့်ဖြစ်ကြောင်း သုတေသီများက သုံးသပ်ကြသည်။
AP သတင်းဌာန၏ အဆိုအရ အာဏာသိမ်းပြီးနောက်ပိုင်းမှ လက်ရှိအချိန်အထိ Mytel တာဝါတိုင် ၈၀ ကျော် မိုင်းခွဲ တိုက်ခိုက်ခံထားရကြောင်း သိရသည်။
အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံ ဆန့်ကျင်နေသည့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ ပုလဲပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင် ဗိုလ်နဂါးကလည်း ပုလဲမြို့နယ်ရှိ Mytel တာဝါတိုင် အတော်များများကို ၎င်းတို့အဖွဲ့က တိုက်ခိုက် ဖယ်ရှားထားပြီးဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အဓိကကတော့ စစ်တပ်က ကိုင်ထားတဲ့ အော်ပရေတာဖြစ်တယ်။ ဒီကရတဲ့ အကျိုးအမြတ်ကို လက်ရှိပြည်သူလူထုအပေါ် အနိုင်ကျင့်နှိပ်စက်တဲ့နေရာမှာ အဓိကဖြစ်တဲ့ လက်နက်ပေါ့။ လက်နက်ပိုင်းတွေကို ဘဏ္ဍာရေးအထောက်အကူဖြစ်နေတာ။ သူတို့နဲ့ ပတ်သက်နေတဲ့ စီးပွားရေးထောက်တိုင် မှန်သမျှ Mytel မှ မဟုတ်ဘူး။ သူတို့က လုပ်လို့လွယ်တဲ့ သိသာထင်ရှားတဲ့ အရာဖြစ်နေလို့ တခြားပတ်သက်တဲ့ စီးပွားရေး မှန်သမျှ ကိုလည်း ဆန့်ကျင်ရုံတင်မကဘူး။ တိုက်ခိုက်ဖျက်ဆီးသင့်တဲ့ ဟာမျိုးပေါ့။ Mytel က အဲဒီလိုကြောင့်ပါ။ ပုလဲနယ်ထဲတော့ အရေအတွက်တော့ မမှတ်မိတော့ဘူး။ သေချာတာက မိုင်တဲတာဝါတိုင်တွေက မရှိသလောက်ကို ဖြစ်သွားပြီ” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ Mytel ဆက်သွယ်ရေးကုမ္ပဏီတွင် လုပ်ကိုင်နေသည့် အငယ်တန်း အရာရှိတဦးကမူ Mytel သည် လက်ရှိတွင် ခုခံဆန့်ကျင်သူများ၏ ပစ်မှတ်ဖြစ်နေပြီး ယင်းကုမ္ပဏီတွင် လုပ်ကိုင်နေသူများမှာလည်း မလုံခြုံမှုများစွာနှင့် ကြုံနေ ရကြောင်း ပြောသည်။
“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ကြိုက်တဲ့ သူက နိုင်ငံရေးနည်းနဲ့ ဖြေရှင်း၊ လက်နက်ကိုင်ကြိုက်တဲ့ သူက လက်နက်ကိုင်နည်းနဲ့ဖြေရှင်း ။ သို့ပေမယ့် တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အခြေခံအဆောက်အဦးတွေ၊ ကျနော်တို့လို စစ်ဖက်နဲ့ မသက်ဆိုင်တဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ပစ်မှတ်ထားတာကတော့ ဒါက မကောင်းဘူး။ ဒါက နည်းလမ်းမကျဘူး။ ဒါက သူတို့လုပ်နေတဲ့ တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေလိမ့်မယ်” ဟု ဆိုသည်။
ပြည်သူ့ရေးရာ မူဝါဒကျွမ်းကျင်သူတဦးကမူ စစ်ကောင်စီတပ်၏ ဖိနှိပ်မှုများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများကို ဦးတည်တိုက်ခိုက်ခြင်းနှင့် သပိတ်မှောက်ခြင်းများ အရှိန်ကောင်းကောင်းဖြင့် ဆက်ရှိနေမည် ဖြစ်ကြောင်းဆိုသည်။
“အခုပုံစံအတိုင်းကတော့ သပိတ်မှောက်ဆန့်ကျင်တာတွေ ကဆက်ရှိနေမှာပဲ။ ဒါပေမယ့် တချို့ Mytel ပဲ လိုင်းမိတယ်။ သူတို့ပဲလက်ဝါးကြီးအုပ်ပြီး လုပ်ထားတဲ့နေရာတွေမှာဆိုရင်တော့ ဆက်သွယ်ရေးအရ သူတို့တွေဆင်းကတ်ကိုပဲ မဖြစ်မနေသုံး တာတွေလည်း ရှိနိုင်ပါတယ်။ နောက်တခုက သူတို့ကို သပိတ်မှောက်ဖို့ ကမ်ပိန်းတွေ ဘယ်လောက်အထိ ရေရှည်လုပ် နိုင်သလဲဆိုတာအပေါ် မူတည်ပြီးလည်း သပိတ်မှောက်တာတွေက အနိမ့်အမြင့် အတက်အကျရှိနိုင်တယ်။ ဘာကြောင့်ဆိုရင် မြန်မာလူမျိုးတွေက ကြာရင် မေ့မေ့ပျောက်ပျောက်ဖြစ်တတ်တယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက် နံနက်ပိုင်းကလည်း ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နေ Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ဘဏ္ဍာရေးမှူးချုပ်ဖြစ်သူ ဗိုလ်မှူးဟောင်းသိန်းအောင် (၅၆နှစ်) နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါက်တာ သိမ့်အောင်သူတို့သည်လည်း နံနက်ခင်းလမ်းလျှောက်ပြန်လာစဉ် အမည်မသိသေနတ်သမားတဦး၏ ပစ်ခတ်လုပ်ကြံခံရသည်။
ပစ်ခတ်မှုကြောင့် ဗိုလ်မှူးဟောင်းသိန်းအောင်မှာ ပွဲချင်းပြီး သေဆုံးသွားပြီး ၎င်း၏ ဇနီးဖြစ်သူမှာ ခါးနှင့် ခြေထောက်တွင် ကျည်ထိဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုအတွက် မည်သည့်အဖွဲ့ကမျှ တာဝန်ခံခြင်း မရှိသေးပါ။
You may also like these stories:
Mytel မှ ဘဏ္ဍာရေးမှူးချုပ် ပစ်ခတ်ခံရ၍ သေဆုံး
စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့ဖို့ ထောက်ခံတင်ပြခြင်း
ကုန်သွယ်ရေး အထူးအခွင့်အရေး မြန်မာအား ရုတ်သိမ်းရန် EU ကို အလုပ်သမားသမဂ္ဂများ တောင်းဆို
စီးပွားရေး လုပ်ငန်းကြီးများ မြန်မာကို ကျောခိုင်းမှု တိုးလာနေ