အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးနှင့် UK အစိုးရ၏ အာရှရေးရာဝန်ကြီးတို့ နိုဝင်ဘာ ၄ ရက်တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ရာ မြန်မာစစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း ဆွေးနွေးခဲ့ကြသည်ဟု အဆိုပါ ဝန်ကြီးဌာနများထံမှ သိရသည်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် UK အစိုးရ နိုင်ငံခြားရေးဌာန၊ အာရှရေးရာဝန်ကြီး Ms. Amanda Milling တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် အဓမ္မအာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် အကြမ်းဖက်ဖြိုခွင်းမှု၊ ပြည်သူလူထု၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုများအား စစ်ကောင်စီမှ သိမ်းယူဖျက်ဆီးမှု၊ စစ်ကိုင်း၊ ချင်း၊ ကရင်နီ စသည့် ဒေသများတွင် စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေး စစ်ဆင်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် စိန်ခေါ်မှုများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိရန် အရေးတကြီး လိုအပ်နေမှု စသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
ဒေါ်ဇင်မာအောင် က “အထူးအားဖြင့် စစ်ကောင်စီရဲ့ လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ရယ်၊ နောက်ပြီး တော့ ဖမ်းဆီးထိန်းသိမ်းမှုတွေက ဆက်ရှိနေတယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးတဲ့အခါမှာ အရပ်ဘက်အဖွဲ့တွေကို ဒုက္ခပေးနေတာတွေ၊ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အနေအထားတွေ ဆွေးနွေးပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရွေးကောက်ခံအစိုးရနဲ့ လွှတ်တော်ကို အာဏာသိမ်းပြီးတော့ အချုပ်အခြာအာဏာကို အဓမ္မအာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ ဒုတိယတချက်ကတော့ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်ကိုသာ အသိအမှတ်ပြုဖို့ ကျမတို့ဘက်က နိုင်ငံရေးအရ နိုင်ငံရေး Road Map (လမ်းပြမြေပုံ) တွေကို ချမှတ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး အပါအဝင် ဒီကိစ္စတွေကို ဆောင်ရွက်နေတဲ့ဟာတွေကို ပြောဖြစ်ပါတယ်” ဟု ဆိုသည်။
UK နိုင်ငံခြားရေးဝန်ကြီးကလည်း UK အစိုးရသည် မြန်မာပြည်သူများနှင့် အတူရှိနေကြောင်းပြောဆိုပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေး ကြိုးပမ်းမှုများကို ထောက်ခံသည်ဟု ဆိုကြောင်း ဒေါ်ဇင်မာအောင်က ပြောသည်။
UK အာရှရေးရာဝန်ကြီး Ms. Amanda Milling ကလည်း NUG နိုင်ငံခြားရေးဝန်ကြီးနှင့် အွန်လိုင်းက ဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် UK အစိုးရဘက်က မြန်မာပြည် ငြိမ်းချမ်းစွာ ဒီမိုကရေစီရရန် ဆက်လက် ပံ့ပိုးသွားမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါတွေ့ဆုံပွဲသို့ NUG ၏ UK ဆိုင်ရာ ကိုယ်စားလှယ်များ ဖြစ်သည့် ဦးမောင်မောင်အောင်နှင့် ဒေါက်တာ သက်ကိုကို တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
You may also like these stories:
ASEAN နှင့် မြန်မာ့အကျပ်အတည်း သို့မဟုတ် တရုတ်၏ နောက်ထပ်ခြေလှမ်း
စစ်ရေးကွပ်ကဲမှုစနစ် NUG တည်ထောင်
NLD ရဲ့ ပြုပြင်ပြောင်းလဲရေးကို စစ်ကောင်စီ ပြောင်းပြန်လှန်