ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသော လက္ကာ ကျေးရွာသားများ အမှုကို နိုဝင်္ဘာ ၅ ရက်နေ့က အမိန့်ချမည်ဟု ချိန်းဆိုထားသော်လည်း အမိန့်မချဖြစ်ဘဲ နိုဝင်ဘာ ၁၉ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် နှစ်ရှည်ချုပ်နှောင်ခံရပြီး တရားရင်ဆိုင်နေရသည့် လက္ကာ ကျေးရွာသားများ အမှုကို အမိန့်ချရန် အဆင်သင့် မဖြစ်သေးသောကြောင့် ဟုဆိုကာ စစ်တွေခရိုင်တရားရုံးက ထပ်မံချိန်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်သူ မင်းထီး Law Firm မှ ရှေ့နေ ဦးခိုင်သန့်ဇင်က ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးခိုင်သန့်ဇင် က “လက္ကာရွာသားတွေ အမှုနဲ့ပတ်သက်လို့ အမိန့်ချမှတ်ဖို့ အဆင်သင့် မဖြစ်သေး ဘူး ဆိုပြီးတော့ တရားရုံးက လာမယ့် နိုဝင်ဘာ ၁၉ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်း လိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ဧပြီ ၉ ရက်၊ ညပိုင်းတွင် မြောက်ဦးမြို့ ကိုးသောင်းဘုရားအနီးရှိ ရဲတပ်ရင်းကို ရက္ခိုင့်စစ်တပ် (AA) က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကူလာသော စစ်တပ်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုကဲ့သို့ မြောက်ဦး ရဲတပ်ရင်းကို ဝင်ရောက်တိုက်ခိုက်မှု၊ စစ်ကူလာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှုတွင် ရွာသားများ ဆက်စပ်မှုရှိသည် ဟုဆိုကာ စစ်တပ်က ၂၀၁၉ ဧပြီ ၁၀ ရက် နံနက်ပိုင်းက ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ရွာသား ၂၇ ဦးအား ဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က) ၊ ၅၂ (က)၊ ၅၀ (ဈ)၊ ၅၄ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
သို့သော် တရားလိုများကို စစ်ဆေးခဲ့သည့် အချိန်တွင် ရွာသားများအပေါ် စွဲဆိုထားချက်များနှင့် ပတ်သက်ပြီး ခိုင်လုံသော အကြောင်းအရာများ တစုံတရာ သက်သေထွက်ဆိုနိုင်ခြင်း မရှိသလို AA တပ်ဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ထားပြီ ဖြစ်သည့်အတွက် ရွာသားများ နှစ်ရှည် ချုပ်နှောင်ခံထားရခြင်းမှာ အလွန်နစ်နာမှုရှိကြောင်း အမှုလိုက်ပါ ဆောင်ရွက်ပေးသည့် ရှေ့နေများက သုံးသပ်ပြောဆိုသည်။
ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်၊ ရက္ခိုင်စစ်တပ် (ULA/AA) ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖျက်ကြောင်း အာဏာသိမ်း စစ်တပ်က မတ်လ ၁၁ ရက်နေ့တွင် ကြေညာခဲ့သည်။ သို့သော်လည်း မတရားအသင်း အဖြစ်မှ ပယ်ဖျက်ခြင်း မရှိသေးပေ။
အဆိုပါ လက္ကာကျေးရွာသား ၂၇ ဦး ဖမ်းဆီးခံခဲ့ကြရသည့်အနက် စစ်တပ်၏ စစ်ကြောရေးထဲတွင် ရွာသား ၃ ဦး သေဆုံးခဲ့ပြီး ယင်းသေဆုံးမှုနှင့် ပတ်သက်၍ မိသားစုဝင်များက တရားမျှတမှု ရရှိရေး တောင်းဆိုထားကြသော်လည်း ယနေ့အချိန်ထိ ထူးခြားမှု မရှိသေးပေ။
လက္ကရွာသားအမှုတွင် ကလေးငယ် ၁ ဦး ပါဝင်ပြီး ၎င်းမှာ အမှုရုပ်သိမ်းသည့်အထဲ ပါဝင်သွားသည့်အတွက် လက်ရှိအချိန် တွင် ရွာသား ၂၃ ဦး ကျန်ရှိကာ အမှုရင်ဆိုင်လျက် ရှိသည်။
တရားရင်ဆိုင်နေရသူ လက္ကာရွာသား ကိုဦးလှမောင်၏ မိခင် ဒေါ်စံသာနုက “အမိန့်ချမယ် ဆိုပြီးတော့ လမ်းစရိတ် မတတ်နိုင်လို့ ရွာကဆရာတော် လမ်းစရိတ် အကူအညီပေးလို့ တရားရုံးကို ရောက်လာတာ။ အမိန့်မချဘဲ နောက်ထပ် ရုံးချိန်း ပေးလိုက်တယ်။ အကြောင်းလည်း မထူးဘူး။ ဘာကြောင့် အမိန့်မချလဲ ဆိုတာလည်း မသိခဲ့ရဘူး” ဟု ဧရာဝတီကို ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မတ်လအတွင်းက AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးပြီး AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဆွေမျိုးသားချင်းတချို့ အပါအဝင် အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ကျေးရွာသားတချို့ကို အမှုရုပ်သိမ်းကာ ပြန်လွှတ်ပေးခဲ့သော်လည်း လက္ကာရွာသားများအမှုမှာ ၃ နှစ်နီးပါးအထိ ကာလ ရှည်ကြာ ချုပ်နှောင်ခံရပြီး တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။
စစ်တပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် ၃ နှစ်နီးပါး အပြင်းအထန် တိုက်ခိုက်ခဲ့ ကြပြီးနောက် ၂၀၂၀ နိုဝင်ဘာလမှ လက်ရှိအချိန်ထိ နှစ်ဘက်တိုက်ပွဲများ ယာယီရပ်နားထားခဲ့ကြသည်။
You may also like these stories:
မြောက်ဦးက စာရေးဆရာတဦး PDF နှင့် ဆက်စပ်ဟုဆိုကာ အမှုဖွင့်ခံရ
မြောက်ဦး လက္ကာရွာသားများအမှု နိုဝင်ဘာ ၅ ရက် အမိန့်ချမည်
NUG ပိုက်ဆံ ဘယ်လိုရှာလဲ ဘယ်လိုသုံးလဲ ဝန်ကြီး ဦးတင်ထွန်းနိုင် ပြောသည်
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် သေဆုံးခြင်း