မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုး၊ ရာအိမ်မှုးများအနေဖြင့် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အထူးသတိပေးကြေညာချက် ထွက်ရှိလာပြီးနောက် အစုလိုက်အပြုံလိုက် နုတ် ထွက်မှုများ ပြုလုပ်လာကြကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အနေဖြင့် နှစ်ပတ်အတွင်း မိမိအသိစိတ်ဖြင့် နုတ်ထွက်ကြ ရန်နှင့် နုတ်ထွက်ခြင်း မရှိသော အုပ်ချုပ်ရေးမှူးများ၏ အသက်အိုးအိမ် စည်းစိမ်များအား တာဝန်ယူမည် မဟုတ်ဆိုသည့် အထူးသတိပေးကြေညာချက်ကို ဗိဿနိုး နယ်မြေပြည်သူ့ကာကွယ်ရေး တပ်မတော်က နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“နိုဝင်ဘာ ၆ ရက်အထိ ထွက်စာတင်တာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှုး ၈၀ ကျော်လောက်ထိ ရှိတယ်။ အဲဒီအထဲကမှ အွန် လိုင်းပေါ်ကို သူတို့ ထွက်စာတင်တာကို အသိပေးတဲ့ သူတွေလည်း ရှိတယ်၊ အဓိကတော့ သူတို့တွေရဲ့ အသက်အန္တရာယ် ကို ထိခိုက်လာမှာကြောက်တဲ့ စိတ်ပေါ့။ ပြီးခဲ့တဲ့ရက်ပိုင်းက သားမျှားအုပ်စုက အုပ်စုအုပ်ချုပ်ရေးမှူး အသတ်ခံလိုက်ရ တယ်လေ” ဟု နတ်မောက်မြို့နယ် အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသူ တဦးက အတည်ပြု ပြောပြသည်။
အုပ်ချုပ်ရေးမှူးအဖြစ်မှ တရားဝင် နုတ်ထွက်ကြောင်း လူမှုကွန်ရက်ပေါ်သို့ တင်လာကြသူများမှာ ပေပင်ကုန်း ကျေးရွာအုပ် ချုပ်ရေးမှူး ဦးမှိုကြီး၊ လင်းကတိုးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဘထူး၊ ရေငံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ ရွာမွန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်ခိုင်ဦး၊ ကန်ကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းခင်၊ စည်သာအုပ်စုအုပ် ချုပ်ရေး မှူး ဦးအောင်ကျော်သိန်း၊ သစ်လှကျင်း အုပ်စုအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ ဒီးဒုတ်ခင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း၊ သမှုန်ကုန်းကြီး အုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းဦး၊ ထန်းပင်ကုန်းကြီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မင်း စိန်၊ ဆည်ကြီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝါဝင်း တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအနေဖြင့် နုတ်ထွက်စာတင်ရာတွင် ကျန်းမာရေး ကောင်းမွန်မှု မရှိခြင်းကြောင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားသည်ကို တွေ့ရသည်။
“ကျနော့်အထင်ကတော့ PDF တွေက အသိပေးတာတွေ၊ အကြောင်းကြားတာတွေကြောင့်လည်း ပါတာပေါ့၊ အဓိကတော့ သူတို့ အသက်အန္တရာယ်အတွက် ကျန်တာတွေ မမက်ကြတော့တဲ့ သဘောပေါ့။ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့် အကြောက်တရားလည်း ပါသလို ဆက်မလုပ်သင့်ဘူးလို့ မိသားစုဝင်တွေရဲ့ ဖိအားတွေလည်း ပါတာပေါ့၊ အများစုကတော့ နုတ်ထွက်ကြတာကို ကျန်းမာရေးကိစ္စပဲ အကြောင်းပြတာ များပါတယ်” ဟု နတ်မောက်မြို့ ကန်ကြီး ရပ်ကွက်ဒေသခံတဦး က ပြောသည်။
နတ်မောက်မြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်က စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် သားမျှား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဆင့်နှင့် လက်ခုပ်ပင် ကျေးရွာနေ အသက် ၅၉ နှစ်အရွယ် မြို့နယ်ပညာရေးမှူးရုံးမှ ဒုဦးစီးမှူး ဦးခင်မောင်သန်းတို့ သတ်ဖြတ်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ အစုလိုက် အပြုံလိုက် နုတ်ထွက်လာကြခြင်းဟု သိရ သည်။
“အခုရက်ပိုင်းအတွင်းမှာပဲ နုတ်ထွက်တာ တော်တော်များတယ်၊ အချို့ရွာတွေဆိုရင် အာဏာသိမ်းစစ်တပ်က ခန့်တဲ့ အုပ် ချုပ်ရေးမှူး မလုပ်ကြတဲ့သူတွေလည်း ရှိတယ်၊ အဲဒီလို မလုပ်ရင် ဖိအားပေးပြီး ခိုင်းတာပေါ့၊ ပြောရမယ်ဆိုရင် ကျနော်တို့ ရွာမှာဆိုရင် အုပ်ချုပ်ရေးမှူး လုပ်မယ့်သူကို မရှိတာ။ ရွာက ညီတော့ စစ်တပ်က ဘာမှ လုပ်လို့မရဘူးလေ၊ ပြီးတော့ ပညာ ရေးဌာနက ဒုဦးစီးမှူးဆိုရင်လည်း CDM ဆရာ၊ ဆရာမတွေကို အလုပ်ပြန်ဝင်ဖို့ ဖိအားတွေ ပေးနေတဲ့သူ၊ သူဆိုရင် အသတ်ခံရပြီး ၃ ရက်မှ အလောင်း ပြန်တွေ့တာ၊ အဲဒီလိုတွေ ရှိလာလို့ အစုလိုက်အပြုံလိုက် နုတ်ထွက်ကြတာလို့ ထင် တယ်” ဟု နတ်မောက်မြို့နယ်၊ ကလားရှင် ကျေးရွာမှ အမည်မဖော်လိုသူတဦးက ပြောသည်။
နတ်မောက်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၇ ခုနှင့် ကျေးရွာအုပ်စု ၈၀ ထိ ရှိရာ နိုဝင်ဘာ ၆ ရက်ထိ နုတ်ထွက်စာ တင်ထား သည့် အုပ်ချုပ်ရေးမှုး ၄၀ ကျော်အထိ ရှိလာကြောင်း သိရသည်။
ယခုအခါ နိုင်ငံတဝန်းတွင် စစ်ကောင်စီ ယန္တရား ထောက်တိုင်များ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ သတင်း ပေး ဒလန်များကို ပစ်ခတ်လုပ်ကြံခြင်းနှင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုများ ဆက်တိုက် ဖြစ်ပွားနေရာ စစ်ကောင်စီ လက်နက် ကိုင် တပ်ဖွဲ့ဝင်များကလည်း ကျေးရွာများ၊ လမ်းများအား ပိတ်ဆို့၍ ရှာဖွေ စစ်ဆေး ဖမ်းဆီး ပစ်ခတ်မှုများကို ယခင်ထက် တိုးမြှင့် လုပ်ဆောင်နေလျက် ရှိသည်။
You may also like these stories:
လက်နက်ကိုင်ခုခံမှုများကို သုံးလအတွင်း ရှင်းလင်းပစ်ရန် စစ်ကောင်စီ ရည်မှန်း
မင်းကင်း၌ ရွာတချို့ စစ်တပ်က မကြာခဏစီးနင်းသဖြင့် ရွာသားများ တိမ်းရှောင်နေရ
စစ်ကောင်စီအတွက် အုပ်ကြီးလုပ်မယ့်သူ ရှားလာ