ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အား ထောင်ဒဏ် ၇၅ နှစ် ကျခံစေရန်နှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်အား ထောင်ဒဏ် နှစ် ၉၀ ကျခံစေရန် ယနေ့ အမိန့်ချမှတ်လိုက်ကြောင်း ၎င်းတို့၏ ရှေ့နေများထံမှ သိရ သည်။
ဒေါ်နန်းခင်ထွေးမြင့်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ၅ မှု တရားစွဲခံထားရပြီး ၁ မှုလျှင် ထောင် ဒဏ် ၁၅ နှစ်စီဖြင့် စုစုပေါင်း ၇၅ နှစ် ချမှတ်ခံရခြင်းဖြစ်ပြီး ဦးသန်းနိုင်မှာ ၆ မှု စွဲဆိုခံထားရသည့်အတွက် ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
“အမှုမှာ အမြင့်ဆုံး ပြစ်ဒဏ်တွေချည်းပဲ ချမှတ်လိုက်တာပါ။ သူတို့ အယူခံတက်ဖို့ အစီအစဉ် မရှိပါဘူး။ ဒါက နိုင်ငံရေး မှုတွေပဲ ဖြစ်လို့ ဒီလိုပဲ လာမယ်ဆိုတာ မျှော်လင့်ပြီးသားပါ။ ဘာမှ တုန်လှုပ်ခြောက်ခြားတာ မရှိပါဘူး” ဟု ဒေါ်နန်းခင်ထွေး မြင့်၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးလည်းဖြစ်သူ ဒေါ်နန်းခင်ထွေးမြင့်သည် စစ် တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်က ဖမ်းဆီးခံရပြီးနောက် ပြန်လွှတ်ပေးခဲ့သော်လည်း ဖေဖော်ဝါရီ ၈ ရက်နေ့ တွင် ထပ်မံဖမ်းဆီးခံရကာ အာဏာသိမ်း စစ်ကောင်စီက အဂတိလိုက်စားမှု ပုဒ်မများဖြင့် စွပ်စွဲ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် ဘားအံမြို့ကမ်းနားလမ်း သာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းစီမံကိန်းနှင့် ပတ်သက်ပြီး ပုဂ္ဂလိက သို့ မြေငှားရမ်းခဲ့မှု၊ ဒေသဖွံ့ဖြိုးရေးအတွက် ကောက်ခံထားသည့် ရန်ပုံငွေများ လုပ်ထုံးလုပ်နည်းနှင့် မညီဘဲ သီးခြားငွေ စာရင်း ဖွင့်ထားမှုနှင့် ပြင်ပသို့ ထုတ်ချေးမှု၊ အဆင့်မြင့်ဈေးဝယ်စင်တာ စီမံကိန်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် လုပ်ငန်းစာချုပ် ချုပ်ဆိုခြင်း မရှိသေးဘဲ ငွေကြိုတင် လက်ခံရယူမှုတို့တွင် ဘဏ္ဍာရေးစည်းမျဉ်းများ ချိုးဖောက်ကာ နိုင်ငံတော်ကို နစ်နာစေခဲ့ကြောင်း အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲခဲ့သည်။
ထို့ပြင် ဒေါ်နန်းခင်ထွေးမြင့် အနေဖြင့် ၂၀၁၇ က တာဝန်ထမ်းဆောင်စဉ် ယာဉ်မတော်တဆမှု ဖြစ်ခဲ့သည့်အတွက် ရန်ကုန် တွင် ဆေးလာကုစဉ် ဖွံ့ဖြိုးရေး ရန်ပုံငွေထဲမှ ရယူသုံးစွဲခဲ့ကြောင်းနှင့် ဦးသန်းနိုင်မှာလည်း ထိုင်းနိုင်ငံတွင် ဆေးကုသရာ နှင့် မဲဆွယ်လုပ်ငန်းများတွင် လုပ်ငန်းရှင်များထံမှ ငွေလက်ခံရယူခဲ့သည်ဟုလည်း စစ်ကောင်စီက စွပ်စွဲခဲ့သည်။
ယင်းသို့ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ၎င်းတို့ နှစ်ဦးအား ဧပြီ ၈ ရက်နေ့က ဘားအံမြို့မ ရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် စစ်ကောင်စီက အသီးသီး အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးသန်းနိုင်တို့သည် မေလအတွင်းကလည်း ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ လူ ဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးမင်းကိုခိုင်၊ ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်တို့နှင့်အတူ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန်လည်း အမိန့်ချမှတ်ခံခဲ့ရသည်။
You may also like these stories:
အကျယ်ချုပ်မှ NLD ဝန်ကြီးချုပ် ၃ ဦးကို တပ်ကထိန်းသိမ်းပြီး နေရာရွှေ့ပြောင်း
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချ