အာဏာသိမ်း စစ်ကောင်စီ၏ ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရသော မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ အမှုတွင် စစ်ဆေးရန် တရားခံပြ သက်သေ ၄ ဦးသာ ကျန်ရှိတော့သဖြင့် မကြာမီ အမိန့်ချနိုင်ဖွယ် ရှိကြောင်း ၎င်းနှင့် နီးစပ်သူများ ထံမှ သိရသည်။
“ဆရာဦးရဲလွင်ကို မတရားတဲ့နည်းနဲ့ စွဲဆိုထားတဲ့အမှုက အခုဆိုရင် စစ်ဆေးဖို့က ၄ ယောက်ပဲ ကျန်တော့တယ်လို့ သိရ တယ်။ တရားခံပြ သက်သေအနေနဲ့ ၁၀ ယောက်ကျော်ထိ တင်ထားတာပေါ့နော်။ ကျနော် သိရသလောက်ဆိုရင် စစ်ပြီးတဲ့ သက်သေတွေ အားလုံးက ဆရာဦးရဲလွင်မှာ အပြစ်မရှိဘူး ဆိုတာပဲ ထွက်ဆိုခဲ့ကြတာပေါ့။ စည်ပင်က သက်သေဆိုရင် လည်း ဆရာဦးရဲလွင် အနေနဲ့ ဝန်ထမ်းတွေကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ဖို့ တိုက်တွန်းတာ မရှိဘူးဆိုပြီး ထွက်ခဲ့တာ။ ကျန်တဲ့ သက်သေတွေ စစ်ပြီးရင်တော့ အမိန့်ချမှာပေါ့” ဟု အောင်မြေသာစံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တဦးက ဧရာဝတီသို့ ပြောသည်။
ဒေါက်တာရဲလွင် အမှုအတွက် တရားခံပြသက်သေအဖြစ် ၁၀ ဦးကျော်ထိ တင်ပြထားပြီး အများစုမှာ စစ်ဆေးပြီး ဖြစ် သလို ဒေါက်တာရဲလွင် ကိုယ်တိုင်လည်း စစ်ကောင်စီက စွဲဆိုသည့် ပုဒ်မ ၅၀၅ (ခ) အတွက် အပြစ်မရှိဟု ထွက်ဆိုထား ကြောင်း အမှုနှင့် ပတ်သက်၍ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေအဖွဲ့က ပြောဆိုထားသည်။
ဒေါက်တာရဲလွင်သည် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ခေတ္တထိန်းသိမ်းခံခဲ့ရပြီး နေ့ချင်း ပြန် လွတ်မြောက်လာခဲ့ပြီးနောက် ရုံးတက်ကာ လုပ်ဆောင်ရမည့် လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် မန္တလေးမြို့တော်ဝန် ရာထူးမှ နုတ်ထွက်ခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၈ ရက်တွင် “ပြည်သူနဲ့ အတူပါ” ဟူသော စာသားနှင့်အတူ CDM ကို ထောက်ခံကြောင်း လက် သုံးချောင်းထောင်ကာ ပရိုဖိုင်ပြောင်းလဲခဲ့ပြီးနောက် ယင်းနေ့ညပိုင်းတွင် စစ်တပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ဒေါက်တာရဲလွင်ကို အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှုး ဦးစိုးမြင့်အောင် က တရားလို ပြုလုပ်၍ ဖေဖော်ဝါရီ ၁၈ ရက်တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် အောင်မြေသာစံမြို့နယ် တရား ရုံးတွင် တရားစွဲဆိုခဲ့ရာ လက်ရှိတွင် ထောင်တွင်းအထူးတရားရုံး၌ စစ်ဆေးနေခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ဒေါက်တာရဲလွင် အသုံးပြုနေသည့် Ye Lwin Facebook စာမျက်နှာမှနေ၍ စည်ပင်ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန် လှုံဆော်မှုများ ပြုလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် တရား စွဲဆိုခံရခြင်း ဖြစ်သည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လျှင် ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
လက်ရှိတွင် စစ်ကောင်စီက မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးတိုင်း NLD ပါတီ အတွင်းရေးမှူး ဦးတင်ကိုကိုတို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲထားသလို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇေယျအား ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ချမှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင် ၂ ဦး အမှုအကြောင်း မပြောရန် ထပ်မံပိတ်ပင်ခံရ