ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ရှိ အင်္ဂလုံးရွာနှင့် ဒေးဒနာရွာအနီးတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်က စစ်ကောင်စီ၏ လှည့်ကင်းကားတစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က ထိုကျေး ရွာများမှ ဒေသခံများကို ဖမ်းဆီးထားပြီး၊ ထိုအထဲမှ ၃ ဦးမှာ သေဆုံးသွားကြောင်း သိရသည်။
စစ်တပ်တပ်သား ၇ ဦး သေဆုံးပြီး ၁၃ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သော ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၆ ရက် ည ၁ နာရီဝန်းကျင်တွင် ဒေးဒနာရွာမှ ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပြီး ထိုအထဲမှ စစ်ကြောရေးတွင် သေ ဆုံးသွားခဲ့သော အသက် ၁၉ နှစ်အရွယ် ကိုဇင်ဝေအောင်၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၈ ရက်တွင် မိသားစုထံသို့ လာရောက် ပို့ဆောင်ခဲ့ကြောင်း ကွမ်းခြံကုန်း ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
ထို့ပြင် နိုဝင်ဘာလ ၈ ရက်တွင် စစ်တပ်က ဒေးဒရာကို ဝင်ရောက် စီးနင်းပြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာမှ အသက် ၄၀ အရွယ် ကိုဝင်းအောင်လတ် ဆိုသည့် ဒေသခံတဦးလည်း ပစ်ခတ်ခံရပြီး ထပ်မံသေဆုံးသွားခဲ့ရကြောင်း ၎င်းက ဆို သည်။
ယနေ့ နိုဝင်ဘာလ ၉ ရက်တွင်လည်း ဖမ်းဆီးခံထားရသူများထဲမှ အသက် ၃၅ နှစ်အရွယ် ကိုမင်းဇော်ဦး ဆိုသူလည်း နှိပ်စက်ညှဉ်းပန်းခံထားရသည့် ဒဏ်ရာများဖြင့် ကွမ်းခြံကုန်းမြို့နယ်ဆေးရုံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့အသွား လမ်း၌ သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာတခုဖြစ်သည့် Kawhmu News Agency ၏ ဖော်ပြချက်အရ သိရ သည်။
၎င်းက ဆက်လက်၍ “သူတို့တွေက ဘာ PDF နဲ့ မှလည်း ပတ်သက်မှု မရှိပါဘူး။ အကုန်ဒေသခံတွေပဲ။ ဖမ်းထားတဲ့ လူတချို့ကိုတော့ ပြန်လွှတ်ပေးတယ်လို့ သိရတယ် ဘယ်လောက် ပြန်လွတ်လာလည်း ဆိုတာ သေချာ မသိရသေးဘူး ” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ကွမ်းခြံကုန်းအနီးကျေးရွာများနှင့် မြို့ပေါ်ရှိ ဒေသခံများပါ စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်လျက် ရှိနေကြောင်း ကွမ်းခြံကုန်းမြို့ပေါ်တွင် နေထိုင်သူ တဦးက ပြောသည်။
၎င်းက “ဖြစ်တဲ့နေရာက မြို့ပေါ်နဲ့ ဝေးတယ်ဆိုပေမယ့် အခုက အကုန်လုံး ကြောက်နေရတာ ဘယ်အချိန် ကိုယ့်ကို သေ နတ်ထောက်ပြီး ဖမ်းခေါ်သွားခံရမလဲ ဆိုတာကို” ဟု ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူများထဲမှ ၅ ဦးကိုသာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ဖမ်းဆီး ခံရသူ အားလုံးနီးပါးသည် ရိုက်နှက် နှိပ်စက်ခံထားရပြီး ၁၀ ဦးထက်မနည်း စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ ကင်းလှည့် စစ်ကားကို မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့သော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကလည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ပြီး ယခု စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်လိုက်သူများသည် ဒေသခံများသာဖြစ်ကြောင်း ထိုအဖွဲ့က ပြောကြား ထားသည်။
You may also like these stories:
ဗိဿနိုး PDF သတိပေးပြီးနောက် နတ်မောက်မြို့ အုပ်ချုပ်ရေးမှူးများ အစုလိုက် နုတ်ထွက်