တယ်လီနောမြန်မာကို လက်ဘနွန် ကုမ္ပဏီ M1 သို့ ရောင်းရန် မရေရာသည့် အခြေအနေ၌ စစ်တပ်နှင့် နီးစပ်သည့် IGE ကုမ္ပဏီအုပ်စု အပါအဝင် ခရိုနီကုမ္ပဏီတချို့က ဝယ်ယူရန် ကြိုးပမ်းနေကြောင်း စီးပွား ရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတချို့ထံမှ သိရသည်။
ဝယ်ယူရန် ကြိုးစားနေသည့် ကုမ္ပဏီများမှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ညီအစ်ကိုတော်သူ ဦးနေအောင် ပိုင်သည့် IGE Group ၏ ကုမ္ပဏီခွဲ Amara Communications Co.,Ltd (ACS)၊ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ဦးအောင်ပြည့်စုံ အပါအဝင် မြန်မာစစ်တပ်နှင့် စီးပွားရေး နီးကပ်စွာ လုပ်ဆောင်သည့် ဦးဂျော်နသန် ကျော်သောင်း၏ The KT Group တို့ ပါကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
ပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီတခု၏ ဒါရိုက်တာတဦးက “IGE အုပ်စုကတော့ အခု ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း (Telecommunications services provider) ကို လုပ်နေတော့ တယ်လီနောမြန်မာကို ဝယ်ဖို့ တခြား ကုမ္ပဏီ တွေထက် ပိုစိတ်ဝင်းစားမှု ရှိနေတယ်” ဟု ပြောသည်။
သို့သော်လည်း ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းကို ကုမ္ပဏီအုပ်စု တခုတည်းထက် Mytel ၌ ပြည်တွင်းကုမ္ပဏီများ ဝင်ရောက်ရင်းနှီးမြှုပ်နှံသလို တယ်လီနောမြန်မာကိုလည်း ပြည်တွင်းကုမ္ပဏီ အများအပြား စုဖွဲ့ထားသည့် ကုမ္ပဏီတခုက ဝယ်ယူနိုင်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ IGE Group ၏ ကုမ္ပဏီခွဲ Amara Communications နှင့် KT Group မှ တာဝန်ရှိသူများကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မှတ်ချက်ပေးရန် ငြင်းဆိုသည်။
ထို့အပြင် Financial Times သတင်း၏ အဆိုအရ တယ်လီနောမြန်မာနှင့် မိုဘိုင်းလ်ဖုန်း ငွေပေးချေ ခြင်း ဝန်ဆောင်မှု လုပ်ငန်း Wave Money ကို လက်တွဲလုပ်ကိုင်နေသော ဦးသိမ်းဝေ (Serge Pun) ပိုင်ဆိုင်သော Yoma Group ကုမ္ပဏီ ကလည်း တယ်လီနောမြန်မာတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိရသည်။
အလားတူ စစ်တပ်နှင့် ဗီယက်နမ်တို့ ပူးပေါင်းလုပ်ဆောင်သည့် ဆက်သွယ်ရေးအော်ပရေတာ Mytel တွင် အစုရှယ်ယာ ပါသည် မဟာရိုးမ အများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာ ဦးသိန်းဝင်းဇော် ပိုင်ဆိုင်သော ရွှေဗျိုင်းဖြူ ကုမ္ပဏီကလည်း လက်ဘနွန် ကုမ္ပဏီ M1 နှင့် လက်တွဲရန် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း Reuters ၏ သတင်းတခုတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင်ကတည်းက တယ်လီနောမြန်မာကို လက်ဘနွန်ကုမ္ပဏီ M1 သို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းရန် နှစ်ဖက်ကုမ္ပဏီများကြား သဘောတူညီမှုရထားသော်လည်း စစ်ကောင်စီ၏ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနဘက်မှ ယခုတိုင် ခွင့်မပြုသေးကြောင်း တယ်လီနော၏ သတင်းထုတ်ပြန်မှုများအရ သိရသည်။
စစ်ကောင်စီဘက်က တယ်လီနောမြန်မာကို ပြည်တွင်းကုမ္ပဏီများထံသို့သာ ရောင်းရန် တွန်းအားပေးနေသည်ဆိုသော သတင်းထွက်ပေါ်မှုအပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ တာဝန်ရှိသူများထံ ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခွင့် မရှိကြောင်းဆိုသည်။
ဆက်သွယ်ရေးဥပဒေအရ ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ရထားသော ကုမ္ပဏီအနေဖြင့် မည်သူ့ကိုသာ လက်လွှဲ ရောင်းချခွင့်ရှိသည် ဆိုသောအချက် ကန့်သတ်ထားခြင်း မရှိကြောင်း၊ ဖိအားပေးလုပ်ဆောင်ပါက တယ်လီနောအနေဖြင့်
တစုံတရာ တုံ့ပြန်မည်ဖြစ်သည့်အတွက် ထိုအခြေအနေသည် မဖြစ်နိုင်ကြောင်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တခုတွင် အကြီးတန်း အရာရှိအဖြစ် လုပ်ကိုင်ခဲ့သူတဦးက မှတ်ချက်ပြုသည်။
၎င်းက “အခုလို ရှုပ်ထွေးနေတဲ့ ကာလမှာ ဟိုလူကို၊ ဒီလူ့ကို လက်သိပ်ထိုးပြီး ပေးလိုက်တယ်ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူး။ သူတို့ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုပြီး တင်ဒါတွေဘာတွေ ခေါ်ချင်ခေါ်ဦးမှာပေါ့။ ပြီးမှ လုပ်လို့ရတဲ့ Process တွေက အများ ကြီး ရှိတယ်လေ” ဟု ပြောသည်။
ထို့ပြင် တယ်လီနောအနေဖြင့် စစ်ကောင်စီက ဖိအားပေးသလို စစ်တပ်နှင့် နီးစပ်သည့် ပြည်တွင်း ကုမ္ပဏီများကို ရောင်းချ မည်ဆိုပါကလည်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဖိအားပေးခြင်းကို ယခုထက်ပိုပြီး ခံရနိုင်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံ၏ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို ပြည်ပကုမ္ပဏီများက ပိုင်ဆိုင်ထားမှုကို မလိုလားခြင်း၊ စစ်အုပ်စုနှင့် နီးကပ်ပတ်သက်သည့် ၉၆၉ မဘသ အပါအဝင် မွတ်ဆလင် ဆန့်ကျင်ရေး အုပ်စုများက ထိုသို့ အရေးပါသော လုပ်ငန်းကို မွတ်ဆလင် နိုင်ငံတနိုင်ငံတွင် အခြေစိုက်သော ကုမ္ပဏီကို မရောင်းချသင့် ကြောင်း သတိပေးမှု များ ရှိနေကြောင်း ဂျပန်သတင်းဌာန Nikkei Asia ၏ တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စနှင့် ပတ်သက်ပြီး ရေးသား ထားသည့် သတင်းတပုဒ်က ဆိုသည်။
၂၀၁၃ ခုနှစ်က တယ်လီနောနှင့် ကာတာအခြေစိုက် အူရီဒူးတို့ လုပ်ငန်းလိုင်စင်ရရှိစဉ်က ထို ၉၆၉ မဘသနှင့် မွတ်ဆလင် ဆန့်ကျင်ရေးအုပ်စုများက အူရီဒူးကို သပိတ်မှောက်ရန် လှုံ့ဆော်မှုများ ရှိခဲ့သည်။
တယ်လီနောမြန်မာကို ပြည်တွင်း ကုမ္ပဏီများက ဝယ်ယူပြီး လုပ်ငန်းဆောင်ရွက်မည်ဆိုပါကလည်း ဆက်သွယ်ရေး နည်း ပညာများနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများ ရှိနိုင်ခြင်းကြောင့် စစ်ကောင်စီဘက်က ပြည်ပကုမ္ပဏီ တခုခုနှင့် ပြည်တွင်းကုမ္ပဏီ များ ပူးပေါင်းလုပ်ဆောင်သည့် အခြေအနေမျိုးကိုလည်း ရွေးချယ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။
လက်ရှိအချိန်တွင် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာများတွင် တယ်လီနောနှင့် အူရီဒူးတို့မှ လွဲ၍ ကျန်ကုမ္ပဏီများ သည် နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများတို့ ပူးပေါင်း လုပ်ဆောင်လျက် ရှိကြသည်။
MPT သည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ဂျပန်ကုမ္ပဏီများဖြစ်ကြသည့် KDDI Corporation (KDDI)၊ Sumitomo Corporation (Sumitomo) တို့ ပူးပေါင်း လုပ်ကိုင်နေကြပြီး Mytel ကို ဗီယက်နမ်ကုမ္ပဏီ Viettel ၊ မြန်မာစစ်တပ်ပိုင် Start High Public co Ltd နှင့် ပြည်တွင်း ကုမ္ပဏီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသည့် Myanmar National Telecom Holding တို့က ပူးပေါင်း လုပ်ဆောင်လျက် ရှိသည်။
You may also like these stories:
မြန်မာနိုင်ငံတွင် ဆက်ရှိနေရေး မဖြစ်နိုင်ဟု တယ်လီနော ကြေညာ
စစ်တပ်ပိုင် Mytel ကုမ္ပဏီ အထိနာနေ
Mytel မှ ဘဏ္ဍာရေးမှူးချုပ် ပစ်ခတ်ခံရ၍ သေဆုံး
စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး
ဗဟိုဘဏ်၏ ငွေသားနှင့်ပေးချေမှု ကန့်သတ်ချက် ဈေးကွက်ကို ထိန်းချုပ်သည့်ပုံဖြစ်နေ
စီးပွားရေး လုပ်ငန်းကြီးများ မြန်မာကို ကျောခိုင်းမှု တိုးလာနေ