ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ ဝန်းကျင်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ဟု လူသိများသော မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် (MNDAA) ၏ တပ်ခွဲ (၃) ခုကို ဆုတ်ခွာရန် ဗဟိုဌာနချုပ်က အမိန့်ပေးထားကြောင်း MNDAA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
မုံးကိုးမြို့ မှပန်ဆိုင်းမြို့ သို့ဆက်သွယ်ထားသော လမ်း၏ တံတားကြားရှိ စနိုက်ပါတပ်သားချုံခိုပွိုင့် ၂ နေရာကိုလည်း ဆုတ်ခွာရန် ညွန်ကြားခဲ့ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီထျန်းဖူ က The Kokang လူမှုကွန်ရက် စာမျက်နှာကတဆင့် ယနေ့ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
မုံးကိုးရှိ တပ်ခွဲ (၃) ခုကို ရုတ်တရက် ဆုတ်ခွာရန် ညွှန်ကြားရခြင်းသည် မုံးကိုးဒေသတွင် စစ်ရေးတင်းမာမှု လျော့ကျစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း MNDAA ပြန်ကြားရေးဌာနက ဧရာဝတီသို့ပြောသည်။
စစ်ကောင်စီအား ကိုဗစ်ရောဂါကာကွယ်ရေး၊ ပြည်သူလူထုလူမှုစီးပွား အဆင်ပြေရေး၊ ငြိမ်းချမ်းစွာဆွေးနွေး ညှိနှိုင်းရေး၊ ၂ ဖက်သွေးထွက်သံယိုဖြစ်မှု လျော့ကျစေရေး၊ သမိုင်းပေးတာဝန်ကို သိတတ်ရေး၊ အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသော ပဋိပက္ခများကိုနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းပြီး နိုင်ငံတော်အားစစ်မှန်သော ဒီမိုကရေစီလမ်းကြောင်း ပေါ်သို့ရောက်ရှိစေရန် တိုက်တွန်းသည်ဟုလည်းလည်း ကဆိုသည်။
နိုင်ငံရေး လေ့လာသူအချို့ကမူ တရုတ်မြန်မာနယ်စပ် ဒေသရှိ မြန်မာဘက်အခြမ်းတွင် ကိုဗစ် ရောဂါ ပိုးတွေ့သူများလာသဖြင့် တရုတ်ဘက်က ဖိအားကြောင့် ၎င်း၏ တပ်ခွဲ ၃ ခွဲအား ပြန်လည်ဆုတ်ခွာရန် MNDAA က ညွှန်ကြားရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသော်လည်း MNDAA ဘက်ကမူ ယင်းအချက်ကို ငြင်းဆိုသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် နေထိုင်နေသည့် နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကမူ တရုတ်နိုင်ငံအတွင်း ကိုဗစ်ပိုးကူးစက်မှု တကျော့ပြန်မြင့်တက်လာသဖြင့် နယ်စပ်ဒေသမှ တဆင့် ကိုဗစ်ပိုးကူးစက်မှု များလာနိုင်သည်ကို တရုတ်ဘက်က စိုးရိမ်နေသည်ဟု ဆိုသည်။

နယ်စပ်မှတဆင့် ကိုဗစ်ပိုးကူးစက်မှု မြင့်တက်လာနိုင်သည်ကို ကာကွယ်ရန် တရုတ်အာဏာပိုင်များက MNDAA အား စစ်ရေးလှုပ်ရှားမှု လျှော့ချရေး ဖိအားပေးသောကြောင့် MNDAA တပ်ဆုတ်ခြင်း ဖြစ်နိုင်ကြောင်း၊ အောက်တိုဘာလက တပတ်ရုံးပိတ်ရက်တွင် လည်ပတ်သူတွေများရာက ကိုဗစ်ကူးစက်မှုများ တက်လာသည့်အပေါ် တရုတ် အစိုးရကလည်း စိုးရိမ်နေသည်ဟု ပြောသည်။
ဒေါက်တာ လှကျော်ဇော က “တရုတ်ကလည်း တော်တော်လန့်ပုံရတယ်။ အကုန်လိုက်ပိတ်တာပဲ။ လာမယ့် ဖေဖော်ဝါရီမှာ ဘေကျင်းမှာ ဆောင်းရာသီ အိုလံပစ်ပွဲလုပ်ဖို့ရှိတယ်။ အဲဒါပျက်မှာလည်း တရုတ်အစိုးရက စိုးရိမ်တယ်နဲ့ တူပါတယ်။ အခုလည်း ရွှေလီမြို့မှာ တပတ်ပိတ်ထားပြန်တယ်။ အခုက တနိုင်ငံလုံးကိုလည်း ပြောထားတယ်။ လူတိုင်း တပတ်စာ၊ ၁၀ ရက်စာ ဝယ်ချမ်းထားကြပါဆိုတာမျိုးပေါ့။ ထိန်းဖို့ကလည်း နယ်စပ်မှာလည်း ငြိမ်မှဖြစ်မှာကို တရုတ်က ကိုးကန့်ကို ဖိအားပေးတယ်ဆိုတာက ကိုဗစ်ကြောင့် ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။
(MNDAA) သည် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတခုဖြစ်သော မုံးကိုးနယ်မြေတခွင်လုံး စိုးမိုးနိုင်ရန် ပြီးခဲ့သည့် ဇူလိုင်လဆန်းကတည်းက စတင်ကြိုးပမ်းနေခြင်းဖြစ်ပြီး ဇူလိုင်လဆန်းမှ နိုဝင်ဘာလဆန်းအတွင်း မုံးကိုးဒေသအတွင်းရှိ စစ်ကောင်စီတပ်များကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ဒါဇင်နှင့် ချီကျဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း ကိုးကန့်တပ်ဘက်က သိမ်းပိုက်မိသည်လည်းရှိသည်။
ထိုသို့ တိုက်ပွဲများဖြစ်နေစဉ်တွင် MNDAA ဘက်က ရုတ်တရက်တပ်ဆုတ်ဖို့ အမိန့်ထုတ်လာခြင်း ဖြစ်သည်။
You may also like these stories:
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်
တရားဝင်မှု ရရှိရေး စစ်ကောင်စီက အိမ်နီးချင်းများကို သယံဇာတ ထုတ်ရောင်းနေသည်
စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး