ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဩစတြေလျနိုင်ငံသား မစ္စတာရှောင်တနဲလ်အပါအဝင် ၅ ဦးအမှုကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် တရားလိုအား စတင်ကြားနာမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းကသိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်တွင်ဖမ်းဆီးခံရသည့် မစ္စတာရှောင်တာနဲလ်၏ ကွန်ပျူတာအတွင်းမှ စီးပွားဆိုင်ရာ စာရွက်စာတမ်း များနှင့်ပတ်သက်ပြီး ၎င်းအပါအဝင် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့အား နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)ဖြင့် တရားစွဲဆိုထားခြင်းအား နေပြည်တော်ရှိ အထူးသီးသန့် တရားရုံးတွင် ယနေ့ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အဆိုပါရုံးချိန်းမတိုင်မီ မစ္စတာရှောင်တာနဲလ်အပါအဝင် စွပ်စွဲခံရသူ ၅ ဦးနှင့် ၎င်းတို့၏ရှေ့နေများ တွေ့ဆုံခွင့်ရခဲ့ပြီး အမှုအပေါ် ခုခံ ချေပမည့် အစီအစဉ်များအား ဆွေးနွေးနိုင်ခဲ့ကြကြောင်း သိရသည်။
အမှုတွင် ခုခံချေပမည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ မစ္စတာ ရှောင်တာနဲလ်ကိုလည်း ၎င်းကပင် ရှင်းလင်းပြောပြပေးကြောင်းလည်း သိရသည်။
ယနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးမည့် အစီအစဉ်များကို မှုခင်းစီမံခန့်ခွဲမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရုံးချိန်းအား ပုံမှန်တပတ်တကြိမ် ရုံးထုတ်နေရာမှ တပတ်ခြားအဖြစ် ပြောင်းလဲချိန်းဆိုခဲ့ကြောင်းလည်း သိရသည်။
ယနေ့တွင် တရားရုံးလာရောက်ခဲ့သည့် စွပ်စွဲခံရသူ ၅ ဦးစလုံး ကျန်းမာရေးကောင်းမွန်သည့် အခြေအနေရှိကြောင်းလည်း သိရသည်။
၎င်းတို့အား စွဲဆိုထားသည့် လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ)မှာ ကာကွယ်ရေး၊စစ်ရေးနှင့် ပတ်သက်သည့် လျို့ဝှက်ချက်များဖြစ်ပါက ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်ပြီး အခြားကျူးလွန်မှုဖြစ်ပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်သည်။
You may also like these stories:
စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနဲလ်ကို နေပြည်တော်တွင် ရုံးစထုတ်
စီးပွားရေးအကြံပေး ရှောင်တာနယ် အင်းစိန်ထောင်တွင် ကိုဗစ်ကာကွယ်ဆေးထိုး