သတင်း

အာဏာသိမ်းပြီးနောက် ချင်းတွင်းမြစ်တလျှောက် တရားမဝင်စီးပွားဖြစ် ရွှေမျှောလုပ်သူများလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ပေါက်တောကြီး ကျေးရွာအတွင်း ချင်းတွင်းမြစ်တ‌လျှောက်တွင် တရားမဝင် စီးပွားဖြစ် ရွှေမျှောလုပ်ကိုင်သူ များပြားလာကြောင်း သိရသည်။

ယခင်က တနိုင်တပိုင်လုပ်သူများသာ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စက်များနှင့်ပါ တရားမဝင်တူးလာ ကြောင်း၊ ယင်းကြောင့် ရေလမ်းကြောင်းများပြောင်းကာ ရေလယ်ကျွန်းဒေသအတွင်းရှိ ရွာများ ကမ်းပါးပြိုခြင်းဘေးနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကလည်း ရေလယ်ကျွန်းဒေသ သဲသောင်ပြင်တွင် ရွှေမျှောလုပ်ငန်းများ တနိုင်တပိုင် လုပ်သည့် မိသားစု၊ ပြည်သူများကို ညှာတာသောအားဖြင့် ယခု နိုဝင်ဘာလတွင် ဆက်လက်လုပ်ကိုင်ခွင့် ပြုမည်ဖြစ်သော်လည်း လာမည့် ဒီဇင်ဘာ ၁ ရက်၌ ယင်းလုပ်ငန်းများ အားလုံး ဖျက်သိမ်းပေးရန် နိုဝင် ဘာ ၁၀ ရက်နေ့က သတိပေးထားသည်။

ဖျက်သိမ်းခြင်း မရှိပါက လုပ်စရာ ရှိသည်များကို ဆက်လက် လုပ်ဆောင်သွားမည် ဟုလည်း ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ဆိုသည်။

ချင်းတွင်းနှင့် ဧရာဝတီ မြစ်နှစ်သွယ်ဆုံရာ ဒေသပြ မြေပုံ

‌ရေလယ်ကျွန်းဒေသခံ တဦးက “အခုက တော်တော်တော့များတယ် လုပ်လာကြတာ။ စုပ်တဲ့စက်အကြီးတွေနဲ့ လုပ်နေကြ တာ။ တနိုင်တပိုင် မဟုတ်ဘူး။ မြစ်အောက်ခြေ ကြမ်းပြင်ရောက်တဲ့အထိ စုပ်နေကြတာ။ ရေလယ်ခေါင်မှာ သင်္ဘောကို ရပ်ထားပြီး လုပ်နေကြတယ်။ အရင်ကတော့ အခုလောက်ကြီး မလုပ်ရဲကြဘူး။ ဒေသခံတွေကလည်း စုပြီး စာရေးတိုင် တာတွေဘာတွေ လုပ်ကြတယ်။ တိုင်လည်း မကြောက်ကြတော့ဘူး။ အခု ဒီဘက်မှာက တချို့လည်း စစ်ကောင်စီဘက် နဲ့ ပေါင်းပြီး လုပ်နေတာတွေ၊ လောင်းကစားဝိုင်းတွေ လုပ်နေတာတွေလည်း ရှိတယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ယခင် အသက်မွေးဝမ်းကျောင်းအဖြစ် တနိုင်တပိုင် လုပ်ကိုင်ကြသူများသာရှိပြီး လက်ရှိတွင် ရေနက်ကွင်းများအထိ ပိုက်များချကာ ပေရာနှင့်ချီ၍ စီးပွားဖြစ် စုပ်ယူလုပ်ဆောင်ခြင်းများကြောင့် မြေအောက်ကြမ်းပြင် တိုက်စားမှုများရှိသဖြင့် လာမည့် မိုးဦးကျတွင် မြစ်ကမ်းပါးပြိုကျမည့် အန္တရာယ် ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းတွင်းမြစ်တလျှောက် တရားမဝင် စီးပွားဖြစ် ရွှေမျှောလုပ်ကိုင်သူ များပြားလာ (ဓာတ်ပုံ/ Yaylalkyun ဒေသဖေ့စ်ဘွတ်ခ်)

တရားမဝင် ရွှေမျှောလုပ်ကိုင်သူများမှာ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ အဓိက နေရာဖြစ်သော ချင်းတွင်း နှင့် ဧရာဝတီမြစ် နှစ်သွယ်ကို ဆက်နွယ်နေသည့် ချောင်းပေါက်ထိပ်ဝနေရာတွင် အများဆုံးလုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

“တနိုင်တပိုင် လုပ်တဲ့သူတွေက သောင်ပြင်တွေမှာပဲ လက်နဲ့ လုပ်တာ။ စီးပွားဖြစ်သမားတွေက မြစ်ကြမ်းပြင်အထိကို စက်တွေနဲ့ လုပ်နေကြတာ။ အဲဒါကြောင့် ဒီနားက ရွာတွေ စိုးရိမ်ရတာ။ တနိုင်တပိုင်သမားတွေကတော့ အခုချိန်က စားဝတ်နေရေးလည်း ကျပ်တည်းတာပေါ့” ဟု ရေစကြိုမြို့နယ် ဒေသခံတဦးက ပြောသည်။

တရားမဝင်လုပ်ကိုင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများအား ၁ ရက်တာ ရရှိသည့် ရွှေပမာဏ၏ သုံးပုံတပုံကို ဝေစုအဖြစ်ပေးပြီး လုပ်ဆောင်ခြင်းများ ရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

You may also like these stories:

စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်

လာအို ဖမ်းမိသော မူးယစ်ဆေးများ အာရှတွင် အများဆုံး

စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲလ်အမှု နိုဝင်ဘာ ၂၅ ရက်နေ့ စတင်ကြားနာမည်

ကွမ်းခြံကုန်း၌ စစ်ကားတိုက်ခိုက်ခံရမှု ရွာသား ၄၀ ကျော်ဖမ်းဆီးရာ ၃ ဦးသေဆုံး

Loading