စစ်ကိုင်းတိုင်း ဒီပဲယင်းနှင့် ရေဦးမြို့နယ်တွင် စစ်တပ် ဝင်ရောက်စီနင်းမှုများကြောင့် ရွာ ၂၀ ခန့်မှ ဒေသခံများ သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာ အခက်အခဲများ တွေ့ကြုံနေရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရဟတ်ယာဉ် ၄ စီးဖြင့် ဒီပဲယင်းမြို့နယ် အတွင်းရောက်ရှိလာပြီး ၉ ရက်နေ့မှ စကာ ရွာများသို့ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်အတွင်းရှိ အောင်ကဲ့ဇင်၊ အင်ပုတ်၊ မြကန်သာ၊ တပ်တယ်ရွာ၊ ကုန်းရိုး၊ ဝန်းရံ နှင့် ရေဦးနယ်မှ ကြက်တော်ဇာ၊ ဇေယျဝတီ အစရှိသဖြင့် ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံ ပြည်သူ ၃ သောင်းဝန်းကျင်သည် ရှောင်တိမ်းနေရကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံ တဦးက “၈ ရက်နေ့ကတည်းက စပြေးရတာ။ လူဦးရေ ၃ သောင်းခွဲလောက်တော့ ရှိမယ်။ ရေဦးနယ်ထဲအထိ ပါတယ်။ ရွာတွေကို ခြေလျင်ဝင်တာ။ ရဟတ်ယာဉ်နားတဲ့ နေရာကနေပြီးတော့ ရွာ ၁၀ ရွာ လောက်ကို မွှေပြီးတော့ ဒီပဲယင်း အနောက်ဘက် တောထဲကို တက်သွားပြီးတော့ တောထဲက ရွာတွေကို မွှေတယ်။ တောထဲကနေပြီးတော့ ရေဦးနယ်စပ်က ရွာတွေကို ထပ်ဝင်တယ်” ဟု ပြောသည်။
ထိုသို့ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေသည့် စစ်တပ်သည် ဒီပဲယင်းမြို့နယ်အတွင်းရှိ ဝန်းရံ၊ ကုန်းရိုးနှင့် တပ်တည်ရွာ သုံးရွာတွင် နိုဝင်ဘာ ၉ ရက်နေ့က နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နေအိမ်များအားရိုက်ဖွင့် ရှာဖွေခြင်းနှင့် လိုအပ်သည့် ပစ္စည်းများအား ယူဆောင်ခြင်းကိုလည်း လုပ်နေကြောင်းနှင့် စစ်တပ်နှင့် ထိပ်တိုက်တွေ့ပါက အသက်အန္တရာယ် စိုးရိမ်ရသည့် အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ရဟတ်ယာဉ်နဲ့ ဝင်လာပြီး စစ်သားတွေ စစ်ကြောင်းထိုးနေတဲ့ သဘောမျိုးပဲ။ လောလောဆယ် တိုက်ပွဲဖြစ်တယ်ဆိုတာလည်း မရှိသေးဘူး။ တရွာဝင် တရွာထွက်နဲ့ ဝင်ရှာတယ်ပေါ့။ အိမ်တွေကိုမွှေနှောက်တယ် ရှာဖွေတယ်။ ရွှေတို့ ငွေတို့ တွေ့ရင် ယူသွားတယ် မီးရှို့တယ် ဖျက်ဆီးတယ်” ဟု ဒေသခံ တဦးက ပြောသည်။
ရှောင်တိမ်းနေရသည့် ဒေသခံပြည်သူများအနေဖြင့် စားဝတ်နေရေးနှင့် ဆေးဝါးအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ဒီပဲယင်းနှင့် ရေဦးမြို့နယ်တွင် စစ်တပ်သည် အင်အား ၁၀၀ ခန့်ပါ တဖွဲ့နှင့် ၅၀ ခန့်ပါ တဖွဲ့ဖြင့် အဖွဲ့ ၂ ဖွဲ့ကာ စီးနင်းရှာဖွေမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဇွန်လအတွင်းကလည်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပြီး ရွာများ အတွင်းသို့ စစ်ကောင်စီက ဝင်ရောက် စီးနင်းမှုများ ရှိခဲ့ခြင်းကြောင့် ရွာပေါင်း ၂၀ နီးပါးက ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
ထို့ပြင် ဇူလိုင်လတွင် ဒီပဲယင်းမြို့နယ်၌ စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ များသာမက စစ်ရှောင်ပြည်သူများကိုပါ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကာကွယ်ရေး အဖွဲ့ ဝင်များအပြင် ပြည်သူများပါ သေဆုံးသူ ၃၀ ကျော် အထိရှိခဲ့သည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း ရဟတ်ယာဉ်များဖြင့်ပါ တပ်သားအင်အားများ အလုံးအရင်း ဖြည့်တင်းနေခြင်း ဖြစ်ပြီး ဒေသခံကာကွယ်ရေး အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်နေခြင်း ဖြစ်သည်။
You may also like these stories:
အာဏာသိမ်း စစ်တပ်နှင့် AA တို့ တိုက်ပွဲ ပြန်ဖြစ်
မုန်းကိုးရှိတပ်ခွဲ ၃ ခုအား ပြန်ဆုတ်ရန် MNDAA အမိန့်ထုတ်
မင်းကင်းတွင် ရွာများကို ဝင်စီးသည့် စစ်တပ်နှင့် PDF တို့ တိုက်ပွဲဖြစ်