တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်အား ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် ယမန်နေ့တွင် ထားဝယ် အကျဉ်းထောင်တွင်း အထူးတရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားလှယ်တဦးက အတည်ပြု ပြောဆိုသည်။
အမိန့်ချမှတ်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများအား စည်းမျဉ်းများနှင့်အညီ သုံးစွဲခြင်းမရှိဟု စွပ်စွဲကာ ပြည်သူ့ဝန်ထမ်းက ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ် အသီးသီး ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ကော့သောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးမြင့်မောင်သည် အဂတိလိုက်စားမှုဖြင့် အရေးယူခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် နေရာတွင် ၂၀၁၉ မတ်လအတွင်းက ယာယီဝန်ကြီးချုပ်အဖြစ် အစားထိုး ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီး အကျယ်ချုပ်နှင့် ထားရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထပ်မံဖမ်းဆီးချုပ်နှောင်ကာ တရားစွဲဆိုခံခဲ့ရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ကလည်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အား အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၅ မှုအတွက် ထောင်ဒဏ် ၇၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခံရပြီး ပုဒ်မ ၅၀၅-ခ ဖြင့်လည်း ထောင်ဒဏ် ၂ နှစ်ကျခံစေရန် သီးခြားအမိန့်ချမှတ် ခံထားရသေးသည်။
You may also like these stories:
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချ