ခင်ပွန်းဖြစ်သူ၏ တောင်းဆိုချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပေးမည့် ရွှေနှင့်ဒေါ်လာများကို ပြင်ဆင်ထုပ်ပိုးပေးခဲ့ရကြောင်း ဦးဖြိုးမင်းသိန်း၏ ဇနီး ဒေါ်ခင်မိမိကြွယ်က ယနေ့တရားခွင်တွင် ထွက်ဆိုကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဦးဖြိုးမင်းသိန်းထံမှ ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းလက်ခံရယူခဲ့သည်ဟုဆိုကာ အာဏာ သိမ်းစစ်ကောင်စီက အဂတိမှုဖြင့် တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး ဒေါ်ခင်မိမိကြွယ်က ယနေ့တွင် တရားလိုပြသက်သေ အဖြစ် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
ဒေါ်ခင်မိမိကြွယ်အနေဖြင့် ခင်ပွန်းဖြစ်သူ ဦးဖြိုးမင်းသိန်းမှ ရန်ကုန်တိုင်းအတွင်းလုပ်ဆောင်သည့် ကိစ္စရပ်များချောမွေ့စေ ရေး ဒေါ်အောင်ဆန်းစုကြည်အား ပေးချင်ကြောင်းပြောသည့်အတွက် ၎င်းဆိုင်မှ ရွှေများနှင့် ငွေလွှဲကောင်တာများမှ အမေရိကန် ဒေါ်လာ များ ဝယ်ယူကာ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သို့သော် ရွှေနှင့်ဒေါ်လာများ ဝယ်ယူပြင်ဆင်ပေးခဲ့သည် ဆိုသော်လည်း သက်သေခံဖြတ်ပိုင်း စာရွက်စာတမ်းများ တင်ပြနိုင်ခြင်းမရှိသည့်အပြင် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက် ပေးအပ်ရာတွင် သူမပါခဲ့ကြောင်းနှင့် ရက်စွဲများလည်း မမှတ်မိတော့ကြောင်း ပြောခဲ့သည်ဟုလည်း သိရသည်။
“အပြန်အလှန်စစ်မေးကြတော့ ကောင်းပါတယ်၊ ပေးတယ်ဆိုတာ မထင်ရှားဘူးလို့ ပြောလို့ရတယ်၊ သူကိုယ်တိုင်က ဘာမှမ မသိတာ” ဟု တရားရုံးနှင့်နီးစပ်သူတဦးကပြောသည်။
ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အဂတိမှုများမှ နေပြည်တော် လရောင်တောစီမံကိန်း အဆောက်အဦးဆောက်လုပ်မှုနှင့် ပတ်သက်၍ အင်ဂျင်နီယာ ဒေါ်အိဖြူပိုအား စစ်ဆေး ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲထားသည့် အမှုများထဲက ၄ မှုအား သောကြားနေ့တိုင်းပုံမှန်စစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့ရုံးချိန်းတွင် နှစ်မှုသာ စစ်ဆေးနိုင်ခဲ့၍ ကျန် ၂ မှုမှာ သက်သေလာရောက်ခြင်းမရှိသဖြင့် စစ်ဆေးနိုင်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် လာဘ်စားကြောင်း ဦးဖြိုးမင်းသိန်း ထွက်ချက်ပေးတဲ့အခါ
ဒီမိုကရေစီ ခရီးကြမ်းပေါ် နိုင်ငံရေးသမားကောင်းတဦး မှတ်ကျောက်တင်ခံခြင်း
ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိစွပ်စွဲချက် ဦးဖြိုးမင်းသိန်းဇနီး သက်သေထွက်ရန် ပျက်ကွက်
အမှုက တည်ဆောက်ပြီးလို့ တရားရုံး တင်လိုက်တာတောင် သက်သေခံပစ္စည်း မရှိဘူး