မတရားသင်းဆက်သွယ်ခြင်း၊ စစ်ကောင်စီကို ဆန့်ကျင်ရန် လှုံ့ဆော်ခြင်းနှင့် ပြည်ဝင်ခွင့်ဗီဇာချိုးဖေါက်ခြင်း စွပ်စွဲချက်များဖြင့် အမေရိကန်သတင်းစာဆရာတဦးကို မြန်မာစစ်ကောင်စီ တရားရုံးတခုက သောကြာနေ့တွင် ထောင် ၁၁ နှစ်ချလိုက်သည်။
ပြည်တွင်းသတင်းဌာနတခုဖြစ်သော Frontier Myanmar အတွက် အလုပ်လုပ်နေသည်မှာ တနှစ်ခန့်ရှိပြီဖြစ်သော ဒန်နီဖန်းစတားသည် မိသားစုကို သွားရောက်တွေ့ဆုံရန် မေလက မြန်မာမှ ထွက်ခွာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
စစ်ကောင်စီသည် ဖေဖေါ်ဝါရီလက အာဏာသိမ်းပြီးနောက် သတင်းလုပ်ငန်းများကို ဖိနှိပ်နေပြီး လူပေါင်း ၁၂၀၀ ကျော်သေဆုံးစေသည့် အတိုက်အခံများအပေါ် ချေမှုန်းမှုများအား ဝေဖန်သော သတင်းသမား ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးသည်။
ဆူပူအောင်လှုံ့ဆော်မှု၊ မတရားသင်းဆက်သွယ်မှုနှင့် ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းချိုးဖေါက်မှုများဖြင့် သူ့ကို ထောင် ၁၁ နှစ်ချလိုက်ကြောင်း သူ၏ရှေ့နေ ဦး သန်းဇော်အောင်က AFP သတင်းဌာနသို့ပြောသည်။
သူ၏အမှုသည် အယူခံဝင် မဝင် မဆုံးဖြတ်ရသေးကြောင်း သူပြောသည်။
“ထိုသို့ထောင်ချခြင်းနှင့်ပတ်သက်ပြီး Frontier Myanmar မှ အားလုံးစိတ်ပျက်မိသည်” ဟု Frontier Myanmar က ကြေညာချက်တစောင် ထုတ်ပြန်သည်။
“မိသားစုကိုတွေ့ဆုံရန် အိမ်ပြန်နိုင်ရေး ဒန်နီကို အမြန်ဆုံးလွှတ်ပေးသည်ကိုသာ မိမိတို့ မြင်လိုသည်” ဟုလည်း ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။
ထိုသို့ ထောင်ချခြင်းမှာ စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးဌာနက ဖန်းစတားသည် ပြည်တွင်းသတင်းဌာနဖြစ်သော မြန်မာနောင်း သတင်းဌာနတွင် လုပ်ဖူးသည် ဆိုသည့် အထောက်အထားအပေါ် အခြေခံသည်ဟု ဦးသန်းဇော်အောင်ပြောသည်။ မြန်မာနောင်းသတင်းဌာနသည် စစ်အာဏာသိမ်းပြီး မကြာမီ လိုင်စင်ရုတ်သိမ်းခံရသော သတင်းဌာနဖြစ်သည်။
ဖန်းစတား၏ ဥပဒေအကျိုးဆောင်အဖွဲ့သည် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကို ပြန်လှန်မေးခွန်းထုတ်ခွင့် မရကြောင်း၊ ဖန်းစတားသည် မြန်မာနောင်းမှထွက်ပြီး Frontier Myanmar တွင်လုပ်ကိုင်နေကြောင်း အခွန်ဆောင်သည့် အထောက်အထားကိုလည်း တရားရုံးက ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း သူပြောသည်။
ထိုလုပ်ရပ်သည် “ဒေါသထွက်စရာ” ဟု နိုင်ငံတကာအကျပ်အတည်း လေ့လာရေးအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ အဆင်မြင့်အကြံပေး ရစ်ချတ်ဟိုဆေးပြောသည်။
“အချက်အလက်မှန်ကို သတင်းတင်ပြခြင်းဟာ ထောင်နှစ်ပေါင်းများစွာ ကျနိုင်တယ်လို့ နိုင်ငံတကာ သတင်းသမားတွေကိုသာမက ပြည်တွင်း သတင်းသမားတွေကိုပါ ဒီလုပ်ရပ်က သတင်းစကားပါးတာပဲ” ဟုလည်း သူပြောသည်။
ဖန်းစတား လွတ်မြောက်ရေးအတွက် အမေရိကန် သံတမန်များ ကြိုးစားနေကြောင်း သူပြောသည်။
“ဒီကိစ္စကို သံတမန်လမ်းကြောင်းက ဖြေရှင်းဖို့ကြိုးစားနေပြီး မြန်ဆန်မယ်လို့ မျှော်လင့်နေကြတယ်” ဟုလည်း သူပြောသည်။ “ဒါပေမယ့် ဒီလိုထောင်ချလိုက်လို့ အမေရိကန်ရဲ့အားထုတ်မှုတွေအတွက် အကြီးအကျယ် နောက်ဆုတ်သွားတာက ရှင်းတယ်” ဟုလည်း သူပြောသည်။
အမေရိကန် သံတမန်ဟောင်းနှင့် ဓါးစာခံလွတ်မြောက်ရေး ညှိနှိုင်းသူ ဘေလ် ရစ်ချတ်ဆန်က စစ်ကောင်စီခေါင်းဆောင်ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံပြီး အထီးကျန်စစ်ကောင်စီအတွက် ဝါဒဖြန့်စရာရသွားပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ဖန်းစတားကို ထောင်ချလိုက်ခြင်းဖြစ်သည်။
သူ၏မြန်မာခရီးစဉ်အတွင်း ဖန်းစတားကိစ္စကို မဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သူ့ကို ပြောထားကြောင်း ရစ်ချတ်ဆန်ကပြောသော်လည်း အခြားအသေးစိတ်များကို ပြောကြားရန် ငြင်းဆန်သည်။
ဖန်းစတားသည် ဖမ်းဆီးခံရစဉ်အတွင်း ကိုဗစ်နိုင်တင်းကူးစက်ခံရသည်ဟု ယူဆရကြောင်း သြဂုတ်လတွင် သူ့ကို ဗီဒီယိုမှတဆင့်တွေ့ဆုံခဲ့သည့် သူ၏ မိသားစုကပြောသည်။
သူသည် အောက်တိုဘာလ ၃၁ ရက်နေ့က အမေရိကန်ကောင်စစ်အရာရှိများနှင့် ဖုန်းဖြင့် နောက်ဆုံးစကားပြောခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ နက်ဒ် ပရိုက်စ်က တနင်္လာနေ့တွင်ပြောသည်။
ကိုးကား။ ။ AFP
You may also like these stories:
စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲလ်အမှု နိုဝင်ဘာ ၂၅ ရက်နေ့ စတင်ကြားနာမည်
ဒေါက်တာဇော်မြင့်မောင် အမှုများ ဒီဇင်ဘာလအတွင်း အပြီးသတ်အမိန့်ချဖွယ်ရှိ