လုံခြုံရေး တင်းကျပ်သည့်ကြားမှ ထိုင်းနိုင်ငံသို့ တရားမဝင်လာသည့် မြန်မာလုပ်သား အလွန်များနေရာ နိုဝင်ဘာ ၉ ရက်မှ နိုဝင်ဘာ ၁၁ ရက်ထိ ၃ ရက်အတွင်း မြန်မာနိုင်ငံသား ၅၀၀ ကျော် ဖမ်းဆီးခံရကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ အရေး ဆောင်ရွက်သူများထံမှ သိရသည်။
နိုဝင်ဘာ ၉ ရက်တွင် ၂၃၈ ဦးကို ကန်ချနဘူရီပြည်နယ် ဆန်ခလဘူရီမြို့နယ်ဆီအုန်းခြံထဲ၌ အစုလိုက်အပြုံလိုက် ဖမ်းမိခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်တွင် တာ့ခ်ပြည်နယ်၊ မဲဆောက်တွင် ရခိုင်ပြည်နယ်မှ မွတ်ဆလင် ၁၀ ဦး အပါအဝင် ၂၀ ဦးနှင့် ချင်းမိုင် တွင် ၆၁ ဦး ဖမ်းမိကြောင်း၊ နိုဝင်ဘာ ၁၁ ရက်တွင် ဆန်ခလဘူရီပြည်နယ်ထဲ၌ ၁၀၁ ဦး ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံသား များ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ တရားမဝင် ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများမှာ အဓိကအားဖြင့် ကန်ချနဘူရီ၊ ပကျွတ်ခီရီကန်၊ ချင်းရိုင်၊ ချွန်ဖုံမ်၊ ရနောင်း စသည့် ဝင်ပေါက် ၅ ပေါက် မှ အများဆုံး ဝင်ရောက်ကြခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် တပတ်အတွင်း ထိုင်း နိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃,၀၀၀ ခန့် ဖမ်းဆီးခံရကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရသည့် အထောက်အထားမဲ့များအား ထိုင်းနိုင်ငံက ချမှတ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး ဥပဒေအရ နိုင်ငံအတွင်း ဝင်ရောက်လာသူအား ထောင်ဒဏ် ၁၀ နှစ်နှင့် ၎င်းတို့အား လက်ခံထားသူများအား ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သော်လည်း အကျဉ်းထောင်များ မဆန့်တော့သဖြင့် ထောင်ဒဏ် ၁ နှစ်သာ ချမှတ်ခံရကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သားများအရေး ဆောင်ရွက်နေသူများက ပြောသည်။
“ထိုင်းနိုင်ငံက ထောင်တွေ မဆန့်တော့ဘူး။ ထိုင်းတော်ဝင် တပ်မတော်ရဲ့အချုပ်၊ ထိုင်းနယ်ခြားစောင့်ရဲ့အချုပ် အဲဒီ အချုပ် တွေလည်း ပြည့်နေပြီဆိုတော့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဥပဒေအရ ထောင်ဒဏ် ၁ နှစ်ပဲ ချတယ်။ ၃ လ လောက် ကျရင် ဒေသဆိုင်ရာ အလုပ်သမား သံအရာရှိကို လှမ်းခေါ်ပြီးတော့ နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်နဲ့ ပြန်လွှတ်ပေးလိုက်တာ” ဟု ဦးမိုးကြိုးက ပြောသည်။
ထိုင်းနိုင်ငံအတွင်း ကန်ချနဘူရီ၊ ရနောင်း၊ တာ့ခ်ခရိုင် မဲဆောက်၊ ပရာကျွတ်ခီရီကန်၊ ချင်းရိုင်တို့ အပါအဝင် အထူးကြပ်မတ် ထားသည့် ခရိုင် ၁၀ ခု ရှိပြီး အဆိုပါ ခရိုင်များအား လေကြောင်းသာမက ကုန်းကြောင်းဘက်ပါ လုံခြုံရေး တင်းကျပ် ထား ကြောင်း သိရသည်။
ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က “လူ သားတယောက်က မိမိဘဝအတွက် လုံးဝ ရပ်တည်နိုင်စွမ်း မရှိတော့လို့ အန္တရာယ်တွေ ဖြစ်မှန်းသိသိကြီးနဲ့ ဝင်လာတယ် လို့ပဲ မြင်တယ်။ ဒါတွေကို ကမ္ဘာကြီးကလည်း သိထားပြီးသား။
မြန်မာနိုင်ငံမှာက ဒီနေ့ည အသက်ရှင်ပြီး နောက်နေ့ မနက် အသက်ပျောက်ကောင်း ပျောက်နိုင်တယ်။ ချော်လဲရောထိုင်နဲ့ နေတဲ့လူတွေအတွက်တော့ အနေချောင်ကောင်း ချောင်နိုင် တယ်။ လူငယ်တွေအတွက်က အန္တရာယ် လုံးဝ မကင်းဘူး။ ကျနော်တို့ကိုယ်တိုင် လေ့လာတာက ဖမ်းဆီးရမိတဲ့ ကလေး တွေကို သုံးသပ်ကြည့်တဲ့အခါ မြန်မာပြည်တွင်းမှာ လုံခြုံမှု လုံးဝ မရှိတော့လို့ မိချင်လည်းမိ၊ ဖမ်းချင်လည်းဖမ်းဆိုတဲ့ပုံစံမျိုးနဲ့ ဇွတ်ဝင်လာတယ်လို့ မြင်ပါတယ်” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်း ထိုင်းအစိုးရက မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို အိမ်နီးချင်းနိုင်ငံမှ အလုပ်သမား ၄ သိန်းကျော်ကို MoU စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားပြီး အဆိုပါ လုပ်ငန်းစဉ် မတိုင်ခင် ထိုင်းနိုင်ငံ၏ လုပ်ငန်းလိုအပ်ချက်အရ ၂ နှစ်တာ သက်တမ်းရှိသည့် အလုပ်လုပ်ကိုင်ခွင့် ကတ်များပေးရန် စီစဉ်ခဲ့ကာ ယင်း အလုပ်လုပ်ကိုင်ခွင့် ကတ်ထုတ်သည့် အစီအစဉ်အား ပြီးခဲ့သည့် အောက်တိုဘာမှ စတင်၍ ပြုလုပ်ပေးလျက် ရှိ သည်။
MoU စနစ်ဖြင့် အလုပ်သမား ခေါ်ယူမည့် လုပ်ငန်းစဉ်အား လာမည့် ၂၀၂၂ ဇန်နဝါရီ လဆန်းပိုင်းတွင် အကောင် အထည် ဖော်သွားမည် ဖြစ်ကြောင်း ထိုင်းအစိုးရက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံပိုင်မီဒီယာများတွင် ကြေညာခဲ့သည်။
ထိုင်းနိုင်ငံအတွင်း ယခုနှစ် အစပိုင်းမှ အောက်တိုဘာအထိ မြန်မာရွှေ့ပြောင်းလုပ်သား ၃ သောင်းကျော် ဖမ်းဆီးခဲ့ကြောင်း ထိုင်းအစိုးရက ဖော်ပြထားသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဒသမ ၁၅ သန်း ရှိပြီး တရားမဝင် ဝင်ရောက်နေထိုင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၁ သန်းကျော် ရှိနေကြောင်း သိရသည်။
You may also like these stories:
နေ့စဉ်ဖမ်းဆီးနေသည့် ကြားမှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှု ပိုများလာ