ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ သည် ရန်ကုန်မြို့သို့ ရောက်ရှိသည့်နေ့တွင်ပင် ရက္ခိုင့်စစ်တပ် (AA) ခေါင်းဆောင်ပိုင်းတို့နှင့် Online ကနေတဆင့် တွေ့ဆုံ ခဲ့ရာတွင် နှစ်ဘက် ပစ်ခတ်မှုများ လုံးဝ မလုပ်ကြရန် မှာကြားခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ယနေ့ နေ့ချင်းပြန် ရောက်ရှိလာသော မစ္စတာဆာဆာကာဝါသည် သတင်းမီဒီယာများနှင့် အစိုးရဧည့်ဂေဟာတွင် တွေ့ဆုံစဉ် AA ဆောင်ပိုင်းနှင့်တွေ့ဆုံမည့် အခြေအနေပေါ် မေးမြန်ရာ မစ္စဆာဆာ ကာဝါ က ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက “AA ခေါင်းဆောင်တွေနဲ့ ရန်ကုန်ရောက်တဲ့နေ့မှာတင်ပဲ Online ကနေ ကျနော်တို့တွေ့ဆုံ စကားပြောပြီး ဖြစ်ပါတယ်။ တချက်ပဲ ကျနော် ပြောပြလို့ ရတာရှိပါတယ်။ ဒါဘာလဲဆိုလို့ရှိရင် အခု လက်ရှိ ငြိမ်းချမ်းနေတဲ့ အနေ အထားကို ဆက်လက်ပြီးတော့ ထိန်းသိမ်ထားနိုင်ဖို့ အတွက် တဘက်နဲ့ တဘက် အပစ်အခတ် လုံးဝ မလုပ်ဖို့အတွက် တဘက်နဲ့ တဘက် ဆက်သွယ်ဆောင်ရွက်ပြီး အောက်ခြေ တပ်သားအဆင့်ထိ ညွန်ကြားထားဖို့ အတွက်ကို ပြောကြားထားပြီး ဖြစ်ပါတယ်” ဟု ဖြေကြားသည်။
ယင်းအပြင် မစ္စဆာဆာကာဝါ၏ ခရီးစဉ်ကာလအတွင်း စစ်တပ်နှင့် AA တို့ တဘက်နှင့်တဘက် ဖမ်းဆီးခဲ့ သူများ ကိုလည်း အပြန်အလှန် လွတ်ပေးမည်ဆိုသည့် သတင်းကြား နေရသည့် အပေါ် “AA ဘက်နေနေပြီးတော့ ထိန်းသိမ်းထားတဲ့လူတွေကို အသုတ်လိုက် ပြန်လည် လွဲပေးသွားမယ်လို့ ကျနော်ကြား သိထားရပါတယ်။ ဒါဟာဆိုလို့ ရှိရင် တဘက်နဲ့ တဘက် ယုံကြည်မှု တည်ဆောက်ထားမှုကို ရှေ့တလှမ်း တက်စေပါတယ်။ အင်မတန် ကောင်းမွန်တဲ့ ဆောင်ရွက်မှု တခုဖြစ်တယ်လို့ ကျနော် ထင်ပါတယ်” ဟု ဖြေကြားသည်။
ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်၊ နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်း ဖြစ်သူ မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည် နယ်သို့ ကွင်းဆင်းရောက်ရှိလာခြင်းမှာ တိုက်ပွဲသံ ရပ်တန့်သွားသော ရခိုင်ပြည်နယ်ကို တနှစ်ပြည့်သည့် အထိန်းအမှတ် အနေဖြင့် လာရောက်ကြည့် ရှု့ခြင်း ဖြစ်သလို ဒုက္ခသည်အဖြစ် ရောက်ရှိနေသော စစ်ရှောင်ပြည်သူများကိုလည်း ကူညီပံ့ပိုးနိုင်ရေးအတွက် လာရောက်ခဲ့ခြင်း ဖြစ် သည်ဟု ဆိုသည်။
မစ္စဆာဆာကာဝါ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ပြည်နယ်ကောင်စီအဖွဲ့၊ ရခိုင်အမျိုးသား ပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သလို စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် စခန်းများသို့လည်း သွားရောက်ကြည့်ရှုှု့ခဲ့သည်။
ဂျပန်အထူးကိုယ်စားလှယ် မစ္စဆာဆာကာဝါသည် နိုဝင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင်တွေ့ဆုံခဲ့သလို လာမည့် နိုဝင်ဘာ ၁၇ ရက်နေ့ တွင်လည်း ရန်ကုန်မြို့၌ တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံကြမည် ဖြစ်သည်။
မစ္စတာဆာဆာကာဝါသည် ပြီးခဲ့သော ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပြီး ရွေးကောက်ပွဲ ပယ်ဖျက် စာရင်းထဲ ပါသွားသည့် ရခိုင်ပြည်နယ် မြို့နယ် ၉ ခုကို ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ညှိနိုင်းပြောဆိုပေးခဲ့သလို တိုက်ပွဲ စစ်တပ်နှင့် AA ကြားတွင်လည်း တိုက်ပွဲရပ်တန့်ရန် ကြားဝင်စေ့စပ် ပေးခဲ့သည့်အတွက် နှစ်ဘက်လုံးက ယာယီ အပစ်ရပ်ထားခဲ့ကြသည်။
You may also like these stories:
လက်နက်ကိုင်ခုခံများကို သုံးလအတွင်း ရှင်းလင်းပစ်ရန် စစ်ကောင်စီ ရည်မှန်း
စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့ဖို့ ထောက်ခံတင်ပြခြင်း
စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်