လွန်ခဲ့သော ရက်သတ္တပတ်ကုန်အတွင် တရုတ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံမှ အဆင့်မြင့်အရာရှိများသည် အာဏာသိမ်း ခေါင်းဆောင် ဗ်ိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံရန် နေပြည်တော်သို့ ရောက်လာကြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန် ဆွန်ကော့ရှန်သည် မြန်မာနိုင်ငံသို့ ကြိုတင်ကြေညာခြင်း မရှိဘဲရောက်လာပြီး စစ်ခေါင်းဆောင်များနှင့်တွေ့ဆုံသည်ဟု တရုတ်-မြန်မာ ဆက်ဆံရေးကို စောင့်ကြည်နေသူများက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
ဆွန်သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်သည်။ သြဂုတ်လအတွက်က သူသည် မြန်မာနိုင်ငံတွင် တပတ်ကြာ နေထိုင်ပြီး ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နှင့် စစ်ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုစဉ်က ဆွန်က အဖမ်းခံနေရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းသည်ကို စစ်ကောင်စီက ပယ်ချခဲ့သည်။
တရုတ်အထူးသံတမန်၏ လက်ရှိခရီးစဉ်နှင့်ပတ်သက်သည့် အသေးစိတ်များကို မသိရသေးသော်လည်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် ဘုံသဘောတူညီချက် ၅ ချက်အကောင်အထည်ဖေါ်ရေးနှင့် မြန်မာနိုင်ငံရေးတွင် ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးရေးကို တိုက်တွန်းနိုင်သည်ဟု နိုင်ငံရေးသုတေသီများက ပြောသည်။
ထို့ပြင် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပမည့် ASEAN-တရုတ် ထိပ်သီးဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်မဖိတ် ဆိုသော ပြဿနာကလည်း ရှိသေးသည်။
စစ်ကောင်စီသည် ၎င်းတို့၏ ခေါင်းဆောင်က ASEAN နှင့် သဘောတူထားသည့် နိုင်ငံတွင် အကြမ်းဖက်မှု ရပ်စဲရေးနှင့် ASEAN အထူးသံတမန် မြန်မာသို့ လာရောက်ခွင့်ပြုရေး အပါအဝင် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖေါ်သေးပေ။
ထို့ကြောင့် ASEAN သည် ပြီးခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်အား မဖိတ်ပေ။
“ဆွန်က မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ ငြိမ်းချမ်းရေးအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို ထပ်ကြိုးစားနိုင်တယ်” ဟု နိုင်ငံရေးသုတေသီ တဦးက ပြောသည်။
သို့သော် စစ်ကောင်စီသည် ဆွန်ကော့ရှန်၏ ခရီးစဉ်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
ဂျပန်မှ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာအထူးသံတမန် ရိုဟေး ဆာဆာကာဝါလည်း မြန်မာသို့ရောက်လာသည်။ သူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စနေနေ့တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံမှ လက်ရှိအခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုသာမက မြန်မာနိုင်ငံသို့ ဂျပန်၏ အကူအညီများကိုပါ ဆွေးနွေးသည်ဟု စစ်ကောင်စီကပြောသည်။
တနင်္လာနေ့တွင် ဂျပန်အထူးသံတမန်သည် စစ်တွေရှိ ရိုဟင်ဂျာ နေရပ်စွန့်ခွာထွက်ပြေးရသူများ၏ စခန်းများသို့ သွားရောက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။
ဆာဆာကာဝါသည် မြန်မာစစ်တပ်နှင့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရက္ခိုင့်တပ်တော်အကြား အပစ်အခတ်ရပ်စဲရေးကို လွန်ခဲ့သောနှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် စီစဉ်ပေးခဲ့သည်။ တိုက်ခိုက်မှုများ တနှစ်ခန့် ရပ်သွားပြီးနောက် လွန်ခဲ့သောအပတ်က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည်။
သို့သော် ဆာဆာကာဝါ၏ မြန်မာခရီးစဉ်သည် ဂျပန်အစိုးရ၏ အစီအစဉ် မဟုတ်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှိမာဆ ဟာယာရှိက ယနေ့အင်္ဂါနေ့တွင် ပြောကြောင်း Reuters သတင်းတပုဒ်က ဆိုသည်။ ယိုရှိမာဆ ဟာယာရှိက ဆာဆာကာဝါနှင့် အဆက်အသွယ် အမြဲရှိနေကြောင်းလည်း ပြောသော်လည်း အသေးစိတ်ကို ထုတ်မပြောပေ။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝိနိုင်လည်း တနင်္ဂနွေနေ့က နေပြည်တော်သို့ ရောက်လာပြီး စစ်ကောင်စီခေါင်းဆောင်နှင့်တွေ့သည်။
ထိုင်းကိုယ်စားလှယ်အဖွဲ့တွင် ဒုဝန်ကြီးချုပ်၏ အဆင့်မြင့်အကြံပေး၊ အမှုဆောင်ရာရှိချုပ်နှင့် အတိုင်ပင်ခံတို့ အပါအဝင် အဖွဲ့ဝင် ၅ ဦးပါကြောင်း သံတမန် သတင်းရင်းမြစ်များပြောသည်။ သို့သော် မြန်မာနိုင်ငံတွင် ပြုလုပ်သည့် အစည်းအဝေးများသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် တက်ရောက်ခြင်းမရှိပေ။ ထိုင်း-မြန်မာနယ်စပ်မြို့များမှ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားသူများအကြောင်းနှင့် လူသားချင်းစာနာသော အကူအညီများ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေးတို့ ပါဝင်နိုင်သည့် အရေးပါသော ကိစ္စများကို ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
ထိုင်း ဒုတိယဝန်ကြီးချုပ်၏ ရုတ်တရက် ခရီးစဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီက မည်သည့်သတင်းကြေညာချက်မျှ ထုတ်ပြန်ခြင်းမရှိပေ။
မြန်မာတွင် ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးနောက် ပရာမွတ်ဝိနိုင်သည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး ဝဏ္ဏမောင်လွင်ကို ဘန်ကောက်တွင်တွေ့ဆုံခဲ့သည်။
You may also like these stories:
ASEAN နှင့် မြန်မာ့အကျပ်အတည်း သို့မဟုတ် တရုတ်၏ နောက်ထပ်ခြေလှမ်း
အာဏာသိမ်း စစ်တပ်နှင့် ပစ်ခတ်မှုမလုပ်ရန် AA ကိုမှာထားကြောင်း ဆာဆာကာဝါပြော
စစ်ကောင်စီခေါင်းဆောင် ပုံရိပ်မြှင့်တင်ရန် ရစ်ချတ်ဆန် ခရီးစဉ်ကို အသုံးချ
ခေတ်သစ်သမိုင်းထဲက လူစိတ်အဝင်စားဆုံး အမှုကြီးများ