မြန်မာစစ်တပ်က မတရားဖမ်းဆီး၊ ထိန်းသိမ်းထားရသော ရခိုင်ပြည်သူများနှင့် ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင်စစ်တပ် (ULA/AA) တပ်ဖွဲ့ဝင်များကိုလည်း ပြန်လွှတ်ပေးစေလိုကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ကာလရှည်ကြာစွာ ထိန်းသိမ်းထားသော မြန်မာစစ်တပ်မှ စစ်သုံ့ပန်း ၁၅ ဦးကို ယမန်နေ့က ပြန်လွှတ် ပေးပြီးနောက် AA က ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ဦးခိုင်သုခက “ကျန်းမာရေးအရ ဆေးကုသဖို့ လိုအပ်နေတဲ့လူတွေ၊ စစ်သုံ့ပန်းအဖြစ်နဲ့ နှစ်ရှည် ထိန်သိမ်းခံထားရတဲ့ လူတွေပေါ့။ သူတို့တွေကို ကျနော်တို့က လူသားချင်းစာနာတဲ့ အနေနဲ့ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အလားတူပဲ မြန်မာစစ်တပ်ဘက်က မတရား၊ ထိန်းသိမ်း အကျဉ်းချထားတဲ့ ကျနော်တို့ရဲ့ ပြည်သူတွေ၊ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေကို လည်းပဲ ပြန်လွှတ်ပေးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ဆေးဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သည်နှင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးတို့ကို နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တောင်ပေါက်ကျေးရွာနှင့် ဒီပါရုံကျေးရွာကြား တနေရာတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးဇေခိုင်ဟိန်း ဦးစီးသောအဖွဲ့ လက်ထဲသို့ လွှဲပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ AA ဘက်က စစ်သုံ့ပန်း ပြန်လွှတ်ပေးမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန် ထားခြင်း မရှိသေးပါ။
ယမန်နေ့က ရခိုင်ပြည်နယ်သို့ နေ့ချင်းပြန် ရောက်ရှိလာသော ဂျပန်နိုုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ ခရီးစဉ်အပြီး AA ဘက်က ထိုကဲ့သို့ ပြန်လွှတ်ပေးခဲ့ခြင်းလည်း ဖြစ် သည်။
ယင်းခရီးစဉ်တွင် မစ္စတာ ဆာဆာကာဝါက ဒေသတွင်းသတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်း ရန်ကုန်သို့ ရောက်ရှိသည့်နေ့ တွင်ပင် AA မှ တာဝန်ရှိသူများနှင့် Online ကတဆင့် တွေ့ဆုံခဲ့ပြီး တဖက်နှင့်တဖက် ပစ်ခတ်မှု မလုပ်ရန် တိုက်တွန်းပြော ဆိုခဲ့ကြောင်း၊ နှစ်ဖက်ဖမ်းဆီးထားသည့် လူများကိုလည်း အပြန်အလှန် ပြန်လွှတ်ပေးမည့် အခြေအနေ ရှိကြောင်း စသည် ဖြင့် ထုတ်ဖော်ပြောကြားခဲ့သည်။
မစ္စတာ ဆာဆာကာဝါ၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်အမျိုးသားပါတီ ( ANP) ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများသို့လည်း သွားရောက် ကြည့်ရှုခဲ့ပြီး လိုအပ်သော ကူညီထောက်ပံ့မှုများကိုလည်း ပေးသွားမည် ဖြစ်ကြောင်း ၎င်းက မီဒီယာများကို ပြောသည်။
သို့သော် မစ္စတာ ဆာဆာကာဝါ၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်၍ ဂျပန်အစိုးရ၏ အစီအစဉ် မဟုတ်ကြောင်း ဂျပန်နိုင် ငံ နိုင်ငံခြားရေးဝန်ကြီး ယိုရှိမာဆ ဟာယာရှိက ယနေ့ (နိုဝင်ဘာ ၁၆ ရက်) မီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၀ နိုဝင်ဘာလအတွင်းကလည်း မစ္စတာ ဆာဆာကာဝါသည် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များသို့ ကွင်း ဆင်းရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲ ပယ်ဖျက်စာရင်းတွင် ပါရှိသော မြို့နယ်များအား ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ညှိနှိုင်းပြောဆိုခဲ့သလို စစ်တပ်နှင့် AA တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲကိုလည်း ရပ်တန့်ရန် ကြား ဝင် စေ့စပ်ပေးခဲ့သည်။
မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၀ နိုဝင်ဘာမှ စတင်ကာ ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများ ယာယီ ရပ်ထားနိုင်ခဲ့သော်လည်း နှစ်ဖက်တပ်များ တပ်ချင်းဆိုင်ထားသည့် အခြေအနေများ ရှိနေပြီး ယခုလ ၉ ရက်နေ့က လည်း မောင်တောမြို့နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ တကျော့ပြန် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံ ပြည် သူများကြား စိုးရိမ်လျက် ရှိသည်။
You may also like these stories:
အာဏာသိမ်း စစ်တပ်နှင့် ပစ်ခတ်မှုမလုပ်ရန် AA ကိုမှာထားကြောင်း ဆာဆာကာဝါပြော
အာဏာသိမ်း စစ်တပ်နှင့် AA တို့ တိုက်ပွဲ ပြန်ဖြစ်