နိုဝင်ဘာလအကုန်တွင် ကျင်းပရန်ရှိနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အာဆီယံနိုင်ငံခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်အစိုးရ ဘက်က ဖိတ်ကြားနိုင်ခြေ နည်းနေကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုသည်။
လာမည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဘရူနိုင်းဘုရင် ဆူလ်တန် ဟာဆင်နယ်ဘူလကီးယားတို့ ပူးတွဲဦးစီးကြမည်ဖြစ်ပြီး ကိုဗစ်နိုင်းတီးအခြေအနေနှင့် ကုန်သွယ်ရေးတို့ကို အဓိက ဆွေးနွေးရန် ရှိသည်။ ယင်းအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သောအနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အာဆီယံနိုင်ငံများမှ သံတမန်များ ပြီးခဲ့သည့် တနင်္ဂနွေတွင် ဘေ့ဂျင်း၌ တွေ့ဆုံခဲ့ကြသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးသို့ မြန်မာခေါင်းဆောင်နေရာတွင် နိုင်ငံရေးနယ်ပယ်မှ မဟုတ်သူတဦးကို ဖိတ်ကြားရန် သဘောတူထားသည်ဟု သံတမန်ရင်းမြစ်တဦးကို ကိုးကားရင်း ထိုင်းပီဘီအက်စ် သတင်းဌာနက ရေးသားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်က ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေးတွင်လည်း အာဆီယံအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ခွင့်မပေးဘဲ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သည့် ကိုယ်စားလှယ်တဦးအား တက်ရောက်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။ မြန်မာ အာဏာသိမ်း စစ်ကောင်စီဘက်က ယင်းဆုံးဖြတ်ချက်ကို အသင်း၏ စည်းမျဉ်းစည်းကမ်းများနှင့် မညီကြောင်း အပြင်းအထန် ကန့်ကွက်ခဲ့သည်။
အာဆီယံ၏ မြန်မာစစ်ခေါင်းဆောင်နှင့် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်သောကြောင့် အာဆီယံက ပြီးခဲ့သည့် အသင်းထိပ်သီးအစည်းအဝေးများတွင် မြန်မာခေါင်းဆောင် ကိုယ်စားလှယ်နေရာအတွက် စစ်အာဏာသိမ်းခေါင်းဆောင်ကို မဖိတ်ကြားဘဲနေခဲ့သည်။
နိုဝင်ဘာ ၁၅ ရက်က မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်လာသော တရုတ်အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်၏ ခရီးစဉ်သည်လည်း တရုတ်သမ္မတနှင့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ် ပါဝင်နိုင်ရေး လာရောက်ညှိနှိုင်းခြင်း အဓိက ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက အကဲခတ်ကြသည်။
နိုဝင်ဘာ ၁၆ ရက် သတင်းစာရှင်းလင်းပွဲတွင် လက်ရှိ ဆွန်ကော့ရှန်၏ မြန်မာခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်က မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရသူ ကျောက်လီဂျန်းက မြန်မာနိုင်ငံထဲရှိ သက်ဆိုင်ရာ အစုအဖွဲ့အားလုံး ဖွဲ့စည်းပုံအပါအဝင် ဥပဒေမူဘောင်ထဲမှ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးဆိုင်ရာ အဖြေရှာနိုင်ရေး တရုတ်က အားပေးကြောင်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး တရုတ်က တက်ကြွစွာ အားပေးကြောင်းနှင့် မြန်မာလူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်ရေးနှင့် ဒီမိုကရေစီပြုပြင်ရေး စောလျင်စွာ ပြန်သွားနိုင်ရန် အားပေးကြောင်းတို့ ပြောဆိုသည်။
ယင်းသည် ဩဂုတ်လအတွင်း ဆွန်ကော့ရှန်၏ ပထမအကြိမ် နေပြည်တော်ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝန်ဘင်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုချက်ကို ပိုမိုခိုင်မာစေသည်။ ဝမ်ဝန်ဘင်က “လူမှုတည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းရေးနှင့် ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုစောလျှင်စွာ ပြန်လည်စတင်ရေး မြန်မာနိုင်ငံ၏ အားထုတ်မှုများတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည်” ဟု ဆိုခဲ့သည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက တရုတ်နိုင်ငံ အနေနှင့် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဘဲ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်စေ၊ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုဖြစ်စေ အစည်းအဝေးတက်ရန် ဖိတ်ကြားလာနိုင်ကြောင်း ပြောဆိုသည်။
သို့သော် ဘရူနိုင်းတွင် ကျင်းပပြီးစီးခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးတွင် ပြုလုပ်သွားသလို နိုင်ငံ့ခေါင်းဆောင်နေရာသာ ချန်လှပ်ခဲ့ပြီး ဝန်ကြီးအဆင့် အခြားအစည်းအဝေးများတွင်မူ မြန်မာကိုယ်စားလှယ်ကို ဆက်လက်ဖိတ်ကြားတက်ရောက်စေသကဲ့သို့ ယခု တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး၌လည်း အလားတူဆောင်ရွက်နိုင်ကြောင်းလည်း ဒေါက်တာလှကျော်ဇောက ဆိုသည်။
“တခြားနည်းလမ်းနဲ့ တရုတ်က ဘယ်လို လုပ်နိုင်မလဲတော့ မပြောတတ်ဘူး။ ဗမာပြည် မပါလို့လည်း မဖြစ်ပြန်ဘူး။ ဘာကြောင့်လဲဆိုတော့ အာဆီယံ ၁၀ နိုင်ငံလုံးပါမှ ဖြစ်တာကိုး” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ဆွန်ကော့ရှန်၏ ခရီးစဉ်သည် မြန်မာနှင့် အာဆီယံကြား ဆက်ဆံရေး၊ တရုတ်နှင့် အာဆီယံကြား ဆက်ဆံရေး စသည့် ကိစ္စများ လာရောက်ဆွေးနွေးခြင်း ဖြစ်ကြောင်း သတင်းမီဒီယာအချို့သို့ ဖြေကြားထားသည်။
“အဓိကကတော့ ဒီ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေနဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တို့၊ ဦးတည်ချက် ၉ ရပ်တို့ လုပ်နေတဲ့ အခြေအနေတွေ၊ ဒီပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာနဲ့ ဆက်လက် လျှောက်လှမ်းသွားမယ်ဆိုတဲ့ အခြေအနေတွေ၊ မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံများရဲ့ ဆက်ဆံရေး၊ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ ဝင်နိုင်ငံများရဲ့ ဆက်ဆံရေး အခြေအနေနဲ့ မြန်မာနိုင်ငံနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုကို တရုတ်ကနေပြီး ဆက်လက် ကူညီဆောင်ရွက်သွားမယ့် အခြေအနေတွေ အဲဒါတွေ အသေးစိတ်ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
သို့သော် အာဏာသိမ်း စစ်ကောင်စီနှင့် တတ်နိုင်သမျှ မပတ်သက်ဘဲ ခပ်ကင်းကင်းနေရန် လုပ်ဆောင်မှုများ ရှိလာနေသည်။
နိုဝင်ဘာ ဒုတိယပတ်အတွင်း အမေရိကန်အခြေစိုက် စီမံမှုစာရင်းပညာရှင်များအဖွဲ့ (IMA) သည် မြန်မာစစ်တပ်အား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဒေါက်တာ ကံဇော် ပါဝင်တက်ရောက်ရန်ရှိသည့် အာဆီယံစာရင်းကိုင်များအဖွဲ့ချုပ် (AFA) ညီလာခံမှ နုတ်ထွက်လိုက်ကြောင်း ကြေညာခဲ့သည်။
You may also like these stories:
တရားဝင်မှုအတွက် စစ်ကောင်စီ သံတမန်ရေး အားကိုးရှာလာ
စစ်ကောင်စီခေါင်းဆောင် ပုံရိပ်မြှင့်တင်ရန် ရစ်ချတ်ဆန် ခရီးစဉ်ကို အသုံးချ
စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်
အာဏာသိမ်းခေါင်းဆောင်နှင့် တရုတ်၊ ဂျပန်၊ ထိုင်း အဆင့်မြင့်အရာရှိများတွေ့ဆုံ