ရန်ကုန်မြို့အတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ၏ စစ်ဆင်ရေးများအား ကြိုးကိုင်စေခိုင်းသူအဖြစ် အာဏာသိမ်းစစ်ကောင်စီက မကြာခဏစွပ်စွဲလေ့ရှိသူ ဦးဖြိုးဇေယျာသော်အား ယမန့်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီက ယနေ့ထုတ်ပြန်လိုက်သည်။
ယခုဖမ်းဆီးမှုသည် ပြီးခဲ့သော လများအတွင်း ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုများအား စီစဉ်ညွှန်ကြားသူ တဦးဟု အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲနေသူ အသက် ၄၀ အရွယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်းကို တလကြာ ရှာဖွေစုံစမ်းမှု၏ နောက်ဆက်တွဲဖြစ်သည်။
ဦးဖြိုးဇေယျာသော်အား ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ယာ၊ တိုက်အမှတ်(3/B)၊ အခန်းအမှတ် (B 0907) တွင် ပစ္စတို ၂ လက်၊ M 16 သေနတ် ၁ လက်၊ ကျည်ဆန်များ၊ လက်တော့ပ်တို့နှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲထားသည်။
၎င်းမတိုင်မီကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးကျော်မင်းယု(ခ)ကိုဂျင်မီမှာလည်း အောက်တိုဘာ ၂၃ ရက်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်တွင် ဖမ်းဆီးခံလိုက်ရသည်။ ဖမ်းဆီးမခံရမီ ၎င်းအား စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ခြင်းခံထား ရသည်။
ကိုဂျင်မီနေထိုင်သည့် နေအိမ်အား စစ်ကောင်စီက ဝင်ရောက်စီးနင်းဖမ်းဆီးစဉ် လက်နက်ခဲယမ်းများလည်း ဖမ်းမိခဲ့ကြောင်း၊ ရန်ကုန်မြို့အတွင်း တိုက်ခိုက်မှုများထဲမှ Moonlight စစ်ဆင်ရေးများတွင် ပါဝင်စီစဉ်နေသူဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့်လည်း ချိတ်ဆက်လုပ်ကိုင်နေသူဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ရှိ ရဲကင်းအချို့အား ပစ်ခတ်တိုက်ခိုက်မှုများတွင် ပါဝင်သူအချို့ဖမ်းဆီးခံရပြီး နောက် ဦးဖြိုးဇေယျာသော်မှာလည်း ဆက်တိုက်ဆိုသလို ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ရန်ကုန်မြို့အတွင်း ဗားကရာမီးပွိုင့်၊ သန်လျင်တံတား၊ မြောက်ဥက္ကလာပတံတားနှင့် ထန်းတပင်တာဆုံရဲကင်းစခန်းတို့အား တိုက်ခိုက်ခဲ့သူများအပါအဝင် PDF တပ်ဖွဲ့ဝင် ကျား ၄၀ ဦးနှင့် မ ၇ ဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီက ကြေညာခဲ့သည်။
ဦးဖြိုးဇေယျာသော်သည် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲမှစတင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ကာ ၂၀၂၀ ခုနှစ်အထိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ခဲ့သည်။
ယင်းမတိုင်မီတွင် ဦးဖြိုးဇေယျာသော်မှာ မြန်မာ့ခေတ်ပေါ်ဂီတလောကတွင် ဟစ်ဟော့ဂီတအဖွဲ့တခုဖြစ်သည့် Acid အဖွဲ့ဝင် အဆိုတော်တဦးဖြစ်ပြီး ဟစ်ဟော့ဂီတရေစီးကြောင်းတွင် လမ်းဖောက်ခဲ့သူ ဖြစ်သည်။
၂၀၀၈ ခုနှစ် မတ်လတွင် ဦးဖြိုးဇေယျာသော်နှင့် အပေါင်းပါ ၆ ဦး အဖမ်းခံခဲ့ရပြီး မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (generation wave) အသင်း ထူထောင်မူ၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရဖူးသည်။ ကော့သောင်းအကျဉ်းထောင်တွင် လေးနှစ်ခန့် အကျဉ်းချခံခဲ့ရပြီး ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
You may also like these stories:
ရွေးကောက်ပွဲနိုင်ငံရေးမှ လက်နက်ကိုင်နိုင်ငံရေးသို့ မြန်မာ့အကူးအပြောင်း
ယောဒေသ ကို ရဟတ်ယာဉ်များသုံး၍ တိုက်နေ၊ ဒေသကာကွယ်တပ်ဖွဲ့ဝင် ၁၄ ဦးကျဆုံး
တီးတိန်၌ စစ်ကောင်စီတပ်သားများ ကိုယ်ဝန်သည်တဦးကို ထပ်မံ အဓမ္မပြုကျင့်
သားပျက်ကျလုမတတ် နာကျင်စွာ ခံစားရတယ်