မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ကို တရုတ်သမ္မတက လာမည့်အပတ်တွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသို့ ဖိတ်ကြားရန် တရုတ်အထူးသံတမန် ကြိုးစားခဲ့သော်လည်း တင်းမာသော တုံ့ပြန်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သံတမန်ရင်းမြစ်များကို ကိုးကား၍ Reuters သတင်းတပုဒ်က ကြာသပတေးနေ့တွင်ပြောသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် မီးမောင်းထိုးခံနေရသည်။ ထိုစစ်အာဏာသိမ်းမှုတွင် နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချလိုက်သောကြောင့် တနိုင်ငံလုံးတွင် သွေးစွန်းနေပြီး ဖရိုဖရဲဖြစ်နေသည်။
ဒီမိုကရေစီကို ဖိနှိပ်မှုပြန်လည်ဖြစ်ပေါ်လာသောကြောင့် မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ကြုံနေရသော ASEAN အဖွဲ့ဝင်နိုင်ငံအများအပြားက အာဏာသိမ်း ဗိုလ်ချုပ်များကို ASEAN အစည်းအဝေးများတွင် ဖယ်ထုတ်ထားရန် ဖိအားပေးကြသည်။
လွန်ခဲ့သောလက ချမှတ်လိုက်သည့် ASEAN တွင် တခါမျှ မချမှတ်ဘူးသော ဆုံးဖြတ်ချက်တွင် ASEAN ခေါင်းဆောင်များက မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ASEAN အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ခွင့်ပေးရန် ကတိ မလိုက်နာသောကြောင့် ASEAN ထိပ်သီးဆွေးနွေးပွဲ တက်ခွင့်မပေးပေ။
သူ့အစား နိုင်ငံရေးနယ်ပယ်မှ မဟုတ်သောသူတဦးကို တက်ခွင့်ပေးသင့်ကြောင်း ASEAN ခေါင်းဆောင်များပြောသည်။ နောက်ဆုံးတွင် ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံက မတက်ရောက်တော့ပေ။
အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနှင့် စင်္ကာပူတို့က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အိမ်ရှင်အဖြစ် ကျင်းပမည့် တရုတ်-ASEAN ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာအာဏာသိမ်းခေါင်းဆောင်ကို တက်ခွင့်မပေးလိုကြောင်း သံတမန်နှင့် နိုင်ငံရေး သတင်းရင်းမြစ် ၄ ခုကို ကိုးကားပြီး Reuters သတင်းက ရေးသည်။
“မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ဘရူနိုင်းက အရင် ASEAN ထိပ်သီးဆွေးနွေးပွဲတုန်းက သဘောထား အတိုင်းပဲ” ဟု အမည်မဖေါ်လိုသော ASEAN နိုင်ငံတခုမှ အစိုးရ သတင်းရင်းမြစ်တခုကပြောကြောင်း သိရသည်။ ထိုသဘောထားမှာ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ရောက်ခွင့်ပေးရေးဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ တုကု ဖိုင်ဇက်စ်ရာက အောက်တိုဘာလ ထိပ်သီးဆွေးနွေးပွဲမှ ASEAN ခေါင်းဆောင်များ၏ ဥဏ်ပညာရှိမှုအတိုင်း နိုင်ငံရေးနှင့် မသက်ဆိုင်သူကိုသာ ဖိတ်ကြားရန် မတုံ့ဆိုင်းသော ရပ်တည်ချက်ကို အတည်ပြုသည်။
“ခေါင်းဆောင်တွေရဲ့ လာမယ့် ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို ဘယ်သူကိုယ်စားပြုသင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားရဲ့သဘောထားက တသမတ်တည်းပဲ” ဟု ပြောခွင့်ရသူက Reuters ကို ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် မြန်မာကိုဝေဖန်သည့် ASEAN နိုင်ငံများတွင် အပြင်းထန်ဆုံးဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်တနို မာဆူဒီက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းပြီးမှသာ နိုင်ငံရေးအရ ကိုယ်စားပြုမှုပေးသင့်ကြောင်းပြောသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တစုံတရာဝေဖန်ပြောကြားခြင်းမရှိပေ။ စင်္ကာပူ၊ ဘရူနိုင်းနှင့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနများက လတ်တလော အကြောင်းမပြန်ကြားသေးပေ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လတ်တလောအကြောင်း မပြန်ကြားနိုင်သေးသော်လည်း အင်္ဂါနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ကျောက်လီဂျန်းက မြန်မာနိုင်ငံမှ သက်ဆိုင်သူအားလုံးဆွေးနွေးပွဲမှ အဖြေရှာခြင်းကို တရုတ်ကထောက်ခံပြီး တည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပြန်လည်စတင်ရေးကို နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ လုပ်ဆောင်မည်ဖြစ်ကြောင်းပြောသည်။
မူကို ထိန်းသိမ်းခြင်း
တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန် ဆွန်ကော့ရှန်သည် လွန်ခဲ့သောအပတ်က စင်္ကာပူနှင့် ဘရူနိုင်း နိုင်ငံများသို့ သွားရောက်ခဲ့သော်လည်း မြန်မာအာဏာသိမ်းခေါင်းဆောင်ကို မကြာမီကျင်းပမည့် ဗီဒီယို ထိပ်သီးဆွေးနွေးပွဲ တက်ခွင့်မပေးသင့်ကြောင်းပြောကြားခြင်း ခံရသည်ဟု တရုတ်နိုင်ငံ၏ အားထုတ်မှုကို သိရှိသော ဒေသတွင်းသံတမန်များပြောကြောင်း လည်း သတင်းက ဆိုသည်။
ASEAN ၏ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရသော ဆွန်က တရုတ်နိုင်ငံသည် ASEAN ၏ ရပ်တည်ချက်ကို လက်ခံလိုက်ကြောင်း လွန်ခဲ့သော ရက်သတ္တပတ်ကုန်က နေပြည်တော်တွင်ကျင်းပသည့် အစည်းအဝေးတခုတွင် မြန်မာအာဏာသိမ်းခေါင်းဆောင်ကို ပြောကြားလိုက်သည်။
တရုတ်နိုင်ငံသည် ASEAN ကလက်ခံထားသည့် နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုသာ ဖိတ်ကြားရေးကို လက်ခံကြောင်း ဆွန်ကပြောသည်ဟု ဒေသတွင်း သံတမန်များပြောသည်။
ASEAN သည် ထိတွေ့ဆက်ဆံရေးနှင့် ဝင်ရောက်မစွက်ဖက်ရေးမူကို ကျင့်သုံးသည်ဟု ဆယ်စုနှစ်များစွာ ကျော်ကြားခဲ့သော်လည်း မြန်မာစစ်အာဏာသိမ်းမှုက ထိုအချက်ကို ပြောင်းလဲသွားစေသည်။
ဧပြီလတွင် ASEAN သည် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် တက်ရောက်သည့် ဂျကာတာ အထူးထိပ်သီးဆွေးနွေးပွဲတွင် အချက် ၅ ချက် သဘောတူညီချက်ရအောင် လုပ်နိုင်ခဲ့ပြီး ထိုသဘောတူညီချက် ၅ ချက်တွင် အကြမ်းဖက်မှု ချက်ခြင်းရပ်ရန်နှင့် ASEAN အထူးသံတမန်ကို ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန် တို့ပါဝင်သည်။
မြန်မာစစ်ကောင်စီက ထိုအချက်များကို လိုက်နာခြင်းမရှိဘဲ ၎င်းတို့အစီအစဉ်အတိုင်း ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်းပြောသည်။
သို့သော်လည်း မြန်မာစစ်ကောင်စီခေါင်းဆောင်သည် လာမည့်ထိပ်သီးအစည်းအဝေးတွင် တက်ရောက်ခွင့် ရကောင်း ရနိုင်သေးသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံသည် ASEAN နှင့် တရုတ်အကြား ညှိနှိုင်းပေးရသည့် နိုင်ငံအလှည့်ကျနေသောကြောင့် ASEAN နှင့် တရုတ်အကြား အဆင်ပြေအောင် လုပ်ပေးရမည့် နိုင်ငံဖြစ်နေသည်။
“ထုံးစံအားဖြင့်တော့ ညှိနှိုင်းပေးရတဲ့ နိုင်ငံက ဗီဒီယိုအချိတ်အဆက်ကအစ အရာရာစီစဉ်ပေးရတာ” ဟု သတင်းရင်းမြစ်တခုက ဆိုသည်။ ASEAN နိုင်ငံများက ကန့်ကွက်စေကာမူ မြန်မာသည် ထိုအခန်းကဏ္ဍကို အသုံးချပြီး အာဏာသိမ်းခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ တက်ရောက်စေနိုင်သည်ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
ကိုးကား။ ။ Reuters သတင်းဌာနမှ ASEAN states object as China lobbies for Myanmar junta to join summit: sources
You may also like these stories:
တရားဝင်မှုအတွက် စစ်ကောင်စီ သံတမန်ရေး အားကိုးရှာလာ
ရွေးကောက်ပွဲနိုင်ငံရေးမှ လက်နက်ကိုင်နိုင်ငံရေးသို့ မြန်မာ့အကူးအပြောင်း
တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ များ
မစ္စတာ ဆာဆာကာဝါ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် ကြိုးပမ်းသော်လည်း မအောင်မြင်