ပဋိပက္ခဒေသများသို့ ကာကွယ်ဆေးများလှူဒါန်းရန် ဘိုင်ဒင်အစိုးရ၏ ကတိအရ သန်းနှင့်ချီသော Johnson & Johnson ကိုဗစ်နိုင်တင်းကာကွယ်ဆေးများကို လာမည့် ဒီဇင်ဘာလတွင် ထိုင်းနှင့်မြန်မာ နယ်စပ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ထိုကိစ္စကိုသိသည့် ရင်းမြစ်နှစ်ဦးကို ကိုးကားပြီး အမေရိကန်သတင်းဌာန Politico က ရေးသည်။
ထိုကာကွယ်ဆေးများကို ကမ္ဘာ့ကာကွယ်ဆေးဖြန့်ချိရေးအစီအစဉ်ဖြစ်သည့် COVAX မှတဆင့် ပေးပို့မည်ဖြစ်သည်။ COVAX သည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ထိန်းချုပ်ထားသောကြောင့် အစိုးရများ မရောက်နိုင်သည့် ပဋိပက္ခဒေသတွင် နေထိုင်ပြီး လူသားချင်းစာနာမှု အရေးပေါ်အခြေအနေကြုံတွေ့နေရသော ထိခိုက်လွယ်သူများ ကာကွယ်ဆေးထိုးနိုင်ရန် လုပ်ကိုင်သော အစီအစဉ်ဖြစ်သည်။
ထိုကာကွယ်ဆေးအများအပြားသည် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းများထံအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်ရာ ဒေသများရှိ ဒေသခံများနှင့် စစ်ရှောင်ဒုက္ခသည်များထံ ပေးပို့နိုင်ရန် မျှော်လင့်နေကြသည်။ မြန်မာတွင် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုအပြီး ယခုနှစ်အစောပိုင်းက လူထောင်ပေါင်းများစွာ ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးနေရသည်။
ထုတ်လုပ်ရေး ကန်ထရိုက်ရထားသော Emergent BioSolutions သည် J&J ကိုဗစ်ကာကွယ်ဆေးများကို AstraZeneca ဆေးမှ ပစ္စည်းများနှင့် မတော်တဆ ရောနှောထုတ်လုပ်ပြီးနောက် J&J ကာကွယ်ဆေး သန်းပေါင်းများစွာကို သိုလှောင်ရုံများတွင် သိမ်းဆည်းထားလိုက်ရသည်။ လွန်ခဲ့သော လအတန်ကြာအတွင်း အမေရိကန် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာနသည် ထိုဆေးများကို စစ်ဆေးပြီးနောက် အသုံးပြုခွင့်ပေးခဲ့သည်။
အမေရိကန်နိုင်ငံသည် J&J ကိုဗစ်ကာကွယ်ဆေးများကို လူသားချင်းစာနာမှု ကြားခံနယ်မြေများသို့ ပေးပို့မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က လွန်ခဲ့သော အပတ်က ကြေညာသည်။ နိုင်ငံခြားရေးဝန်ကြီးများနှင့်အစည်းအဝေးတခုတွင် ဘလင်ကန်က အခြားနိုင်ငံများအနေဖြင့်လည်း ဝင်ငွေနိမ့်နှင့်အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများသို့ နိုင်ငံတကာ ကာကွယ်ဆေးလှူဒါန်းမှုနှင့် ကမ္ဘာတဝှမ်းမှ သွားလာရန်ခက်ခဲသော ဒေသများသို့ ကာကွယ်ဆေး ပို့ဆောင်မှုကို အရှိန်မြှင့်လုပ်ဆောင်ရန် တိုက်တွန်းသည်။
“ကျနော်တို့ရဲ့အားထုတ်မှုတွေမှာ အစိုးရရဲ ကာကွယ်ဆေးအစီအစဉ်တွေ မရောက်နိုင်တဲ့ နေရာတွေက လူတွေမကျန်ခဲ့အောင် လုပ်ဖို့လိုတယ်။ သူတို့ကိုလည်း အကာအကွယ်ပေးဖို့လိုတယ်” ဟု ဘလင်ကန်က နိုဝင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
J&J ကာကွယ်ဆေးပေးပို့မည့် အစီအစဉ်အသေးစိတ်ကို ညှိနှိုင်းနေဆဲဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ်သို့ ကိုဗစ်နိုင်တင်းကာကွယ်ဆေးမည်မျှကို ပေးပို့မည်နှင့် မည်သည့်အဖွဲ့အစည်းက ဆေးထိုးရာတွင် ကူညီမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ယခုကာကွယ်ဆေး ပေးပို့မည့် အစီအစဉ်သည် COVAX ၏ လူသားချင်းစာနာမှု ကြားခံနယ်မြေများသို့ ကာကွယ်ဆေးပို့သည့် ဒုတိယအစီအစဉ်ဖြစ်ပြီး ပထမအစီအစဉ်မှာ အာဖဂန်ဒုက္ခသည်များကို ကာကွယ်ရန် အီရန်သို့ ကာကွယ်ဆေး ၁.၆ သန်းပေးပို့ရန် ယခုအပတ်အတွင်း အမေရိကန်က ကြေညာခဲ့သည်။
မြန်မာနှင့် ထိုင်းနှစ်နိုင်ငံကြားတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး အပါအဝင် လူသားချင်း စာနာမှု အကူအညီများ နယ်စပ်ဖြတ်ကျော်ပေးနိုင်ရေးအတွက် ထိုင်းအစိုးရကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့ COVID 19 Task Force (CTF) မှ တောင်းဆိုထားသည်။
“လုပ်ငန်းသဘောအရ လုပ်ထုံးလုပ်နည်းအရဆိုရင် သူက ဒီ ထိုင်းနိုင်ငံထဲမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေ သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတွေ ထိုင်းအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ကျမတို့ ဒီ CBO၊ CSO တွေ (ဒေသအခြေပြုအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ)၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတွေ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာ အသေးစိတ် ဆက်ညှိနှိုင်းရမှာ ဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်အခြေစိုက်ပြီး မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများပေးနေသော မယ်တော်ဆေးခန်းအား တည်ထောင်သူလည်း ဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းခဲ့သည့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး အဖွဲ့ ခေါင်းဆောင်လည်းဖြစ်သည့် ဒေါက်တာစင်သီယာမောင်က ဧရာဝတီကို ဩဂုတ်လအတွင်း မေးမြန်းခန်းတခု၌ ပြောဆိုခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စလင်ဒါသောမတ်စ်ဂရင်းဖီး Mrs. Linda Thomas-Greenfield သည် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်နှင့် ဩဂုတ်လ ၁၁ ရက်တွင် မြန်မာနိုင်ငံသို့ အကူအညီများ ပေးနိုင်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်သည် အွန်လိုင်းမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ မြန်မာနိုင်ငံတွင် လိုအပ်နေသူများကို လူသားချင်း စာနာသောအားဖြင့် ဒေါ်လာ သန်း ၅၀ ထောက်ပံ့ကူညီမည်ဖြစ်ပြီး ဒုက္ခသည်များ၊ ပြည်တွင်းနေရပ်စွန့်ခွါသူများနှင့် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းခြင်းကြောင့် ပုန်းရှောင်ထွက်ပြေးရသူများအတွက် ဖြစ်ကြောင်း ပြောသည်။
နိုဝင်ဘာလ ၁၉ ရက် ဘန်ကောက်သို့ ရောက်လာသော အမေရိကန် CIA လက်ထောက်ဒါရိုက်တာ ဒေးဗစ်ကိုဟင်က ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် တွေ့ဆုံရာ၌လည်း မြန်မာနိုင်ငံအတွင်းမှ လုံခြုံရေးအခြေအနေများနှင့် ထိုင်းနိုင်ငံက လူသားချင်းစာနာမှု ထောက်ပံ့နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြရေးသားထားသည်။
အဆိုပါ တံခါးပိတ်ဆွေးနွေးပွဲသည် ၄၅ မိနစ်ကြာကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်သို့ အမေရိကန်က ကိုဗစ်နိုင်တင်းကာကွယ်ဆေးပေးပို့မည့် အစီအစဉ်သည် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဘေလ်ရစ်ချတ်ဆန်က ပုဂ္ဂလိက လူသားချင်းစာနာမှု ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ သွားရောက်ပြီးနောက် ပေါ်ပေါက်လာသည်။ မြန်မာသို့ရောက်ရှိစဉ် ရစ်ချတ်ဆန်သည် မြန်မာစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ကိုဗစ်နိုင်တင်း အခြေအနေနှင့် မြန်မာသို့ အကူအညီပေးရေးများကို ဆွေးနွေးခဲ့သည်။
“အဓိကဆွေးနွေးသည်မှာ COVAX အစီအစဉ်မှ မြန်မာသို့ ကာကွယ်ဆေးပေးပို့မှု အရှိန်အဟုန် မြှင့်တင်ရေးနှင့် ကိုဗစ်နိုင်တင်း စတုတ္ထလှိုင်းဖြစ်နိုင်ခြေလျှော့ချရေးတို့ဖြစ်သည်” ဟု ရစ်ချတ်ဆန်က ယခုလအစောပ်ိုင်းက ကြေညာချက်တစောင်တွင် ပြောသည်။
ထိုနည်းတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝိနိုင်က ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် နေပြည်တော်သွားပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။ ကိုဗစ်ကာကွယ်ဆေးများ ပေးလှူခဲ့ကြောင်းသာ ပြောပြီး အသေးစိတ် မပြောပေ။ ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် တက်ရောက်ခြင်းလည်း မရှိပေ။
လူသားချင်းစာနာသော အကူအညီများ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေးတို့ ပါဝင်နိုင်သည့် အရေးပါသော ကိစ္စများကို နေပြည်တော်တွင် ဆွေးနွေးခဲ့မည်ဟု ယုံကြည်ရသည်။
You may also like these stories:
တရုတ်က မြန်မာကို ထိပ်သီးဆွေးနွေးပွဲ ဖိတ်လိုသော်လည်း ASEAN နိုင်ငံများ လက်မခံ
တရားဝင်မှုအတွက် စစ်ကောင်စီ သံတမန်ရေး အားကိုးရှာလာ
နယ်စပ်ဖြတ်ကျော် ဆောင်ရွက်တဲ့ အခြေအနေဖြစ်အောင် ဝိုင်းပြီး ပံ့ပိုးတာ
NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်