မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ပေါ်က စစ်ကောင်စီစခန်းများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် မြို့ပေါ်တွင်လုံခြုံရေးတင်းကြပ်ထားကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။
မိုးကုတ်မြို့ပေါ်က ငါးရံ့အင်း အထိုင်စခန်း၊ မိုးကုတ်မြို့မရဲကင်း၊ ကျောက်ဖား ရဲကင်းစခန်းနှင့် အချုပ်ထောင် စခန်းတို့ကို ဒေသခံ ပတ္တမြားမြေ PDF က နိုဝင်ဘာ ၁၈ ရက်နေ့တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် လုံခြုံရေးများ တင်းကြပ်လာခြင်း ဖြစ်ကြောင်းသိရသည်။
မိုးကုတ်ဒေသခံတဦးက “အဝင်အထွက်တွေ စစ်တာလည်း အရင်ကထက် ပိုစစ်လာတယ်၊ ပိုပြီး ဖိနှိပ်လာတဲ့ အခြေ အနေပေါ့၊ သူတို့ကို ကြောက်တော့ ဆိုင်တွေ တော်တော်များများလည်း ပိတ်ထားတယ်၊ ပိုဆိုးတာက ဆိုင်ကယ်နဲ့ သွားလာနေကြတဲ့သူတွေကို ပိုစစ်ဆေးလာတယ်၊ မထင်ရင် မထင်သလို လုပ်တာတွေက အဆိုးဆုံးပဲ၊ ညပိုင်းဆိုရင် လမ်းဆုံလမ်းမတွေပေါ်ကနေ မူးရူး ဆဲဆို သောင်းကြမ်းနေကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
မိုးကုတ်ဒေသခံများမှာလည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်များ အဆင်မပြေတော့ပဲ စီးပွားရေး ကျဆင်းလာကြောင်း ၎င်းကပြောသည်။
ထိုတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး “ငါးရံ့အင်းစခန်းမှာတော့ အထိအခိုက် ကျဆုံးတာ များနိုင်တယ်၊ အဲဒီမှာက အင်အား တော်တော်များတယ်၊ မြို့မရဲကင်းဘက်ကတော့ အထိအခိုက် နည်းနိုင်တယ်၊ အချုပ်ထောင်စခန်းကို လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်းခဲ့တယ်၊ ကျောက်ဖားရဲကင်းကိုလည်း လက်ပစ်ဗုံး ပစ်သွင်းခဲ့တယ်၊ နောက်ပြီး မင်းတံတားရပ်ကွက် EPC ရုံးထဲ တပ်စွဲထားတာကို တိုက်ခိုက်ခဲ့တာ ၄ ကောင် ထိတယ်၊ တိုက်ပွဲဖြစ်တော့ ရမ်းသမ်းပြီး ပစ်တာတွေ လုပ်ခဲ့တယ်၊ ကျနော်တို့အဖွဲ့တွေ အန္တရာယ်ကင်းစွာနဲ့ ပြန်ဆုတ်နိုင်ခဲ့ကြပါတယ်”ဟု ပတ္တမြားမြေ PDF အဖွဲ့ ပြန်ကြားရေးက ရှင်းပြသည်။
ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလက်နက်ကိုင်များက လက်နက်ကြီးများအပါအဝင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့သဖြင့် အသက် ၁၉ နှစ်အရွယ် အရပ်သား လူငယ်တဦး သေနတ်မှန်၍ သေဆုံးခဲ့သည်။

သေဆုံးခဲ့သူမှာ မိုးကုတ်မြို့၊ စည်ပင်သာယာရပ်ကွက်၊ ဆင်တောင်ကျောင်းအနီးနေထိုင်သူ မောင်သားထက်(ခ) မောင်ဝေယံအောင်ဆိုသူဖြစ်ပြီး စစ်ကောင်စီလက်နက်ကိုင်များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရင်ဘတ်သို့ ကျည်ထိမှန်ကာ သေဆုံးခဲ့ပြီးနောက် ရုပ်အလောင်းအား စစ်ကောင်စီက ယူဆောင်သွားကြောင်း သိရသည်။
မိုးကုတ်မြို့ခံတဦးက “ဗုံးပေါက်ကွဲသံတွေရော၊ သေနတ်သံတွေ ကြားရတယ်၊ လက်နက်ကြီးသံလည်း ၃၊ ၄ ချက်လောက်ပါတယ်၊ သေနတ်သံတွေကတော့ တော်တော်များတယ်၊ ဆင်တောင်ဘက်က ကလေးတယောက် သေနတ်မှန်ပြီး သေဆုံးလို့ အလောင်းကို ဆေးရုံပို့ခဲ့တာ ဒီနေ့မနက်ကျတော့ စစ်သားတွေ လာထုတ်သွားတယ်လို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ၁၉ ရက်နေ့နံနက်ပိုင်းမှစ၍ မိုးကုတ်မြို့ အဝင်၊ အထွက် နေရာများအပါအဝင် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားပြီး လှည့်ကင်းများ အဆက်မပြတ် ပတ်နေသဖြင့် မြို့ပေါ်လမ်းမများပေါ်တွင် အသွားအလာ ရှင်းလင်းနေသလို ဈေးဆိုင်၊ စားသောက်ဆိုင်နှင့် အခြားသောဆိုင်များအားလုံးနီးပါး ပိတ်ထားကြသည်ဟု ဒေသခံများထံမှ သိရသည်။
မိုးကုတ်မြို့တွင် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ကာစစ်ရေးတင်းမာနေခဲ့ပြီး နိုဝင်ဘာ ၁၄ ရက် ညပိုင်းကလည်း ပိတ်ဆွယ်ရပ်ကွက်၊ ငရံ့အင်းအနီး တပ်စွဲထားသော စစ်ကောင်စီလက်နက်ကိုင်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ညအချိန်ဗုံးခွဲတိုက်ခိုက်၊ အပြန်အလှန်ပစ်ခတ်မှုတွင်လည်း စစ်ကောင်စီ လက်နက်ကိုင် ၅ ဦးအပြင်းအထန်ဒဏ်ရာရပြီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြို့အရှေ့ပိုင်း ပိတ်စွယ်ရပ်ကွက်၊ သဲဖြူဝိုင်း ရပ်ကွက်တွင် နေထိုင်သည့် စစ်ကောင်စီ သတင်းပေးဒလန် အမျိုးသားတဦး အသတ်ခံခဲ့ရသလို နိုဝင်ဘာ ၁၅ ရက်ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကြား နန်းနွဲ့ရွာအနီး၌ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တနာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် ၁၅ ဦးသေဆုံးခဲ့သေးသည်။
You may also like these stories:
ရခိုင်အခြေစိုက် သတင်းဌာနတချို့ကို စစ်ကောင်စီ ရှာဖွေ
ယောဒေသ ကို ရဟတ်ယာဉ်များသုံး၍ တိုက်နေ၊ ဒေသကာကွယ်တပ်ဖွဲ့ဝင် ၁၄ ဦးကျဆုံး
ဦးဖြိုးဇေယျာသော်အား ဖမ်းမိကြောင်း စစ်ကောင်စီထုတ်ပြန်
တီးတိန်၌ စစ်ကောင်စီတပ်သားများ ကိုယ်ဝန်သည်တဦးကို ထပ်မံ အဓမ္မပြုကျင့်