နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှုအား ဒီဇင်ဘာ ၆ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှသိရသည်။
ယင်းသို့အမိန့်ချမှတ်မည့်အမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ ဒုတိယမြောက်အမိန့်ချမည့်အမှုဖြစ်လာပြီး လာမည့်နိုဝင်ဘာ ၃၀ ရက်နေ့တွင်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆိုထားမှုအား အမိန့်ချမှတ် မည်ဖြစ်သည်။
အမှုနှင့် ပတ်သက်ပြီး ယနေ့တရားခွင်တွင် နှစ်ဖက်ရှေ့နေများက အပြန်အလှန် အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြပြီး နောက် အမိန့်ချရန် တရားသူကြီးက ကြေညာခဲ့ခြင်းဖြစ်သည်။
၎င်းအမှုသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ စက်တင်ဘာလအတွင်းက နေပြည်တော်တွင်ပြုလုပ်သည့် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံလှည့်လည်ပွဲယာဉ်တန်းအား ၎င်းတို့၏ အိမ်တော်များရှေ့ထွက်ကာ လက်ပြနှုတ်ဆက် သည့်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များဖောက်ဖျက်သည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုထားခြင်းဖြစ်သည်။
အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့က ၎င်းတို့တွင် အပြစ်မရှိကြောင်း ထွက်ဆိုထားကြ သည်။
အမှုတွင် ဦးဝင်းမြင့်အနေဖြင့် သက်သေတင်ပြခြင်းမရှိဘဲ ကိုယ်တိုင်သာချေပထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အနေ ဖြင့်လည်း ယင်းအချိန်က ၎င်းနှင့်အတူရှိနေခဲ့သည့် NLD နာယကအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းထိန်ကိုသာ သက်သေတင်ပြခဲ့ သည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဥပဒေပုဒ်မ ၂၅ တွင် “မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက် မှုတခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစုံတရာ ကျရောက်နိုင်သည်ကို သိလျှက်နှင့် တမင်ပြုလုပ်မှုကြောင့် ဖြစ်စေ၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်လျှင် (သို့မဟုတ်) ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ် မည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်” ဟု ပြဌာန်းထားသည်။
ယင်းအပြင် ယနေ့ရုံးချိန်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ပို့ကုန်သွင်းကုန်ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုခံထားရသည့် နှစ်မှုအတွက်လည်း ကိုယ်တိုင်ချေပထွက်ဆိုချက်ပေးခဲ့သည်။
ယင်းနှစ်မှုတွင် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် သက်သေတင်ပြခဲ့ခြင်းမရှိဘဲ ဒီဇင်ဘာ ၆ ရက်နေ့တွင်ပင် နှစ်ဖက်အပြန်အလှန် အပြီးသတ်လျှောက်လဲချက် တင်ပြကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပို့ကုန်သွင်းကုန်ပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုမှုသည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏အိမ်သို့ ဝင်ရောက်စီးနင်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုသည့် စကားပြောစက်နှင့် ဆက်သွယ်ရေးဖြတ်တောက်စက်တို့ ဖမ်းမိခဲ့သည့် အကြောင်းပြချက်ဖြင့် အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုထားခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ၊ ပို့ကုန်သွင်းကုန်ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ အစိုးရလျှို့ဝှက်ချက်ဥပဒေပုဒ်မ ၃-၁(ဂ)၊ အဂတိမှု ၅ မှု၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ တို့ဖြင့် စုစုပေါင်း ၁၁ မှုတရားစွဲဆိုထားသည်။
သီးခြားအနေဖြင့်လည်း ဦးညီညီဆိုသူက ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားပြီး မနက်ဖြန် နိုဝင်ဘာ ၂၃ ရက်နေ့တွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ဒေါ်အောင်ဆန်းစုကြည်၏ သက်သေအနေဖြင့် ထွက်ဆိုမည်ဖြစ်သည်။
ယင်းသို့ တရားစွဲဆိုထားမှုများထဲက ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့အပေါ် ရာဇသတ် ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆိုထားမှုအား နိုဝင်ဘာ ၃၀ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း တ ရားရုံးက ကြေညာထားသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါက်တာဇော်မြင့်မောင်ကို သက်သေတင်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား နိုဝင်ဘာ ၃၀ ရက်နေ့ အမိန့်ချမည်