မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယမန်နေ့ကဖြစ်ပွားခဲ့သည့် ကျိုက်နဲရေလယ်ဘုရားပွဲ သွားရောက်ဖူးမျှော်စဉ် ပင်လယ် ထဲမြောပါ သေဆုံးသူ ၅ ဦးအား ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြောသည်။
ယနေ့ညနေ ၅ နာရီခန့်အထိ အမျိုးသား တဦးနှင့် အမျိုးသမီး ၄ ဦးရုပ်အလောင်းများအား ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ၂၀ ဦးအထိ ရှိလာပြီဖြစ်သည်။
“အခုထိတော့ ဖြစ်စဉ်မှာ သေဆုံးရသူတွေထဲ နယ်ခံတွေမပါဘူး၊ အဝေးက လာတဲ့သူတွေပဲများတာ” ဟု ရှာဖွေကယ်ဆယ် ရေးပြုလုပ်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။
ယခုလက်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များထံ ပျောက်ဆုံးကြောင်းပေးပို့ထားသည့်စာရင်းများအရ ပျောက်ဆုံးနေဆဲ ၁၀ ဦးခန့်ကျန်ရှိနိုင်ကြောင်းနှင့် လတ်တလောတွင်လည်း လူမှုကယ်ဆယ်ရေးအဖွဲ့အချို့က ကမ်းခြေတလျှောက် ဆက်လက်ရှာ ဖွေမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ကျိုက်နဲရေလယ်ဘုရားမှာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာအကြား ပင်လယ်ကမ်းခြေမှ ၁ မိုင် ၆ ဖာလုံခန့်အကွာ ပင်လယ်အတွင်းတည်ရှိပြီး နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် ဘုရားပွဲတော် ကျင်းပလေ့ရှိသည်။
ကျိုက်နဲရေလယ်ဘုရား၏ ထူးခြားချက်မှာ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်နေ့တွင် ကမ်းခြေမှ ဘုရားအထိ လမ်းလျှောက်သွားနိုင်သည့် ကျောက်တန်းလမ်း (ဒေသခံများအခေါ် နတ်လမ်း) တခုမှာ ပင်လယ်ဒီရေအကျတွင် ပေါ်လာပြီး အနီးအဝေးမှ ဘုရားဖူးများ ယင်းအချိန်တွင် အများဆုံးလာရောက်လေ့ရှိကြသည်။
ယမန်နေ့က ဖြစ်စဉ်မှာ ရေလယ်ဘုရားဆီသွားရာ လမ်းပိုင်းအချို့မှာ အကုန်ပေါ်နေခြင်းမရှိဘဲ ဘုရားသို့မရောက်မီ ရင်စို့ခန့် (၄ ပေခန့်) နက်သည့်နေရာ ရောက်နေသူများမှာ လှိုင်းရိုက်ခံရပြီး ပင်လယ်အတွင်းမြောပါကာ သေဆုံးခဲ့ကြရခြင်းဖြစ်သည်။

“အမေရေ ရေကတက်လာပြီ၊ ကိုင်ထား၊ ချိတ်ထားလို့ ပြောတုန်းပဲ သိပ်မကြာဘူး၊ အဲဒီလိုဖြစ်တာပဲ၊ ရေကတက်လာတော့ သူဆွဲကိုယ်ဆွဲ ဆွဲကြတာပေါ့၊ နောက်တချက်မှာ လှိုင်းပုတ်လိုက်တော့ လူကိုကျော်သွားပြီ၊ လူတွေမြုပ်ကုန်ပြီ” ဟု လက် တွေ့ ကြုံတွေခဲ့ရသူ အမျိုးသမီးတဦးက ပြောထားသည်။
၎င်းအနေဖြင့် ကျိုက်နဲရေလယ်ဘုရားဖူးရန် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့ (နိုဝင်ဘာ ၂၀) ကတည်းက ကမ်းခြေသို့ မိဘ၊ သားသမီးဆွေမျိုးများနှင့် ရောက်ရှိနေကြခြင်းဖြစ်ပြီး လှိုင်ပုတ်စဉ်ရေစီးနှင့်မြောပါကာ လူကွဲသွားခဲ့ကြပြီး ၁၅ နှစ်အရွယ် သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်းလည်း သိရသည်။
ယင်းသို့ လှိုင်ပုတ်၍ ပင်လယ်ထဲမြောပါသေဆုံးမှုသည် ၎င်းတို့ရှိနေသည့် ရေနက်သည့်နေရာတနေရာထဲတွင်သာ ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ၎င်းတို့ရှေ့မှ လူများမှာ ဘုရားအထိ သွားနိုင်ခဲ့ကြကြောင်းလည်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တချို့က ပြော သည်။

ကမ်းခြေမှ ရေလယ်ဘုရားသို့သွားရာလမ်းတလျောက်တွင် ရေနစ်မြုပ်နေသည့်နေရာများ၌ လမ်းအမှတ်အသားအဖြစ် ဝါးတိုင်များ စိုက်ထားသော်လည်း လှိုင်ပုတ်ချိန်တွင် လူအများက ဝိုင်း၍ကိုင်ဆွဲထားခဲ့ကြသည့်အတွက် ဝါးလုံး တိုင်ကျိုးကာ လူများမြောပါခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ကြသည့် ရုပ်သံဖိုင်အရ ပင်လယ်ထဲမြောပါသူဦးရေ ၃၀ ကျော်ခန့်မှာ အနီးရှိ လှေတစင်းပေါ်သို့ အလုအယက်တိုး၍ တက်နေကြသည်ကို တွေ့ရပြီး အချို့မှာ အသက်ရှင်ခွင့်ရခဲ့ကြသည်ကိုတွေ့ရသည်။
“ထိခိုက်ဒဏ်ရာရသူကိုလည်း ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရတယ်၊ သူတို့ကတော့ အသက်ရှင်သွားတယ်” ဟု လူမှုကယ်ဆယ် ရေး အဖွဲ့ဝင်တဦးကလည်း ပြောသည်။
ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ရေလယ်ဘုရားသို့ သွားရာလမ်းတလျှောက် ဘုရားဖူးသူ သောင်းဂဏန်းအထိ ရှိနေပြီး ရေတက်လာ သည်ကို သိရှိသော်လည်း အလွယ်တကူ နောက်ပြန်ဆုတ်၍မရဘဲ လှိုင်းပုတ်၍ မြောပါသေဆုံးရခြင်းဖြစ်ကြောင်း ကယ် ဆယ်ရေးဆောင်ရွက်သူအချို့က သုံးသပ်ပြောကြားသည်။
ယခုကဲ့သို့ လူအများအပြား သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ယမန် နေ့က ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ပြီး ပျောက်ဆုံးနေသူများ ဘေးကင်းစွာအမြန်ဆုံးပြန်လည်တွေ့ရှိရေးနှင့် သေဆုံးသူမိ သားစုဝင်များကိုလည်း ဒေသခံများက ဝိုင်ဝန်းစောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး သံဖြူဇရပ်မြို့နှင့် အနီးအနားမြို့များမှ လူမှုကယ်ရေးအသင်း အများအပြားလာရောက် ကယ်ဆယ် ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပြီး လက်ရှိအာဏာသိမ်းစစ်ကောင်စီအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းလုပ်ဆောင်မှုအပေါ်မေးမြန်းရာတွင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက သုံးသပ်ဖြေကြားရန် ငြင်းဆိုခဲ့ပြီး ပြောကြားချက်တစုံတခုအတွက် အဖမ်းခံရမည်ကို စိုးရိမ်ကြောင်းပြောခဲ့သည်။
You may also like these stories:
တယ်လီနောကို စစ်အုပ်စုနှင့်နီးစပ်သည့် ခရိုနီကုမ္ပဏီများ ဝယ်ယူရန် ကြိုးပမ်းနေ
ဒေါ်လာဈေး အနည်းငယ်ကျလာသော်လည်း စက်သုံးဆီဈေး မြင့်နေသေး
တရုတ်စီမံကိန်းကြောင့် လယ်သမားများ မြေယာမဲ့ကိန်းဆိုက်