နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သက်သေအဖြစ် နေပြည်တော် အထူးသီးသန့် တရားရုံးတွင် ယနေ့ ထွက်ဆိုရန် ဒေါက်တာ ဇော်မြင့်မောင်အား ဆင့်ခေါ်ခဲ့သော်လည်း ကျန်းမာရေး အကြောင်းပြချက်ကြောင့် ပျက် ပြယ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
မန္တလေး အိုးဘိုထောင်တွင် ချုပ်နှောင်ခံထားရသည့် ဒေါက်တာ ဇော်မြင့်မောင်အနေဖြင့် ရောဂါဝေဒနာများ ခံစားနေရ သည့်အတွက် ခရီးမသွားသင့်ဟု အာဏာသိမ်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေး အရာရှိတဦးက မှတ်ချက်ပြု ထားခြင်းကြောင့် ဖြစ်ကြောင်းလည်း သိရသည်။
ဦးညီညီ ဆိုသူက ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲ ဆိုထားသည့် အမှုတွင် ဒေါက်တာ ဇော်မြင့်မောင်အား သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ထည့် သွင်းထားခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဒေါက်တာ ဇော်မြင့်မောင် အနေဖြင့် အထူးသီးသန့် တရားရုံးတွင် လာရောက် ထွက်ဆိုရန် ပျက်ပြယ်ပြီးနောက် ကော်မရှင် တရပ်ဖွဲ့ကာ သက်သေထွက်ချက် ရယူရန် (သို့မဟုတ်) Video conferencing (အွန်လိုင်းဗီဒီယို) စနစ်ဖြင့် စစ်ဆေးရန် ယနေ့ တရားခွင်အတွင်း အကြံပြု တင်ပြမှုများရှိခဲ့ပြီး နောက်တပတ် နိုဝင်ဘာ ၃၀ ရက်ရုံးချိန်းတွင် မည်ကဲ့သို့ ဆောင်ရွက်မည်ကို ဆုံးဖြတ်မည် ဖြစ်ကြောင်းလည်း သိရသည်။
ဒေါက်တာ ဇော်မြင့်မောင် အနေဖြင့် သွေးကင်ဆာရောဂါ ခံစားနေရသည်မှာ မှန်ကန်သော်လည်း ယမန်နေ့က အိုးဘို ထောင်တွင်း တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ၌ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန် သက်သာသည့် အနေအထား တွေ့ရ ကြောင်း ဒေါက်တာ ဇော်မြင့်မောင်နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “မနေ့က ရုံးထုတ်မှာတော့ သူ့အပေါ် စွဲထားတဲ့ အမှုတွေရဲ့ တရားလိုပြ သက်သေတွေ စစ်တယ်။ မိသားစုနဲ့လည်း တွေ့တယ်။ ကျန်းမာရေးက ကောင်းပါတယ်။ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိပါဘူး။ နေပြည်တော်ကို သက်သေ ထွက်ဆိုဖို့ ရုံးရှေ့ မခေါ်တာတော့ တခြား ကိစ္စလည်း ပါနိုင်ပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှုများနှင့် ပတ်သက်ပြီး လေ့လာသူတဦးကလည်း ဒေါက်တာ ဇော်မြင့်မောင် အနေဖြင့် ရုံးရှေ့ လာရောက်ပြီး သက်သေ မထွက်ဆိုနိုင်သည့်ကိစ္စမှာ ကျန်းမာရေးကြောင့် ဟုဆိုသော်လည်း ၎င်းနှင့် ဒေါ်အောင်ဆန်းစု ကြည်အား လူချင်း မတွေ့ဆုံစေလိုသည့် အချက်ကြောင့်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
အမှုနှင့် ပတ်သက်ပြီး နောက်တပတ် နိုဝင်ဘာ ၃၀ ရက်အား ရုံးချိန်း ပြန်လည်ချိန်းဆိုထားပြီး ယင်းနေ့တွင် ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ ဒေါက်တာ မျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆိုထားမှု အတွက် အမိန့်ချမည် ဖြစ်သည်။
You may also like these stories:
စစ်တပ်ကို ဦးမညွှတ်သူ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်
သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တို့အား သဘာဝဘေး အမှုအတွက် ဒီဇင်ဘာ ၆ ရက်နေ့ အမိန့်ချမည်
လုံခြုံရေးအဖွဲ့သုံး ဆက်သွယ်ရေးစက်အမှု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်ဆိုမည်
ဒေါက်တာဇော်မြင့်မောင် အမှုများ ဒီဇင်ဘာလအတွင်း အပြီးသတ်အမိန့်ချဖွယ်ရှိ