ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် ဆက်နွယ်မှုရှိသည် ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲထားသော ရခိုင်ပြည်နယ်သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ဦးရဲနိုင်ဦးတို့ကို ယမန်နေ့က မြို့နယ်တရားရုံး၌ ရုံးထုတ်၍ တရားလို ခလရ ၅၅၀ တပ်ရင်းမှ ဗိုလ်ကြီး နေဇော်ထက်ကို စတင် စစ်ဆေးသည်။
ယင်းအမှုအား လိုက်ပါ ဆောင်ရွက်သူ ရှေ့နေ ဒေါ်သီင်္ဂီမောင် က “မနေ့က ကိုစိန်ချစ်တို့ နှစ်ယောက် အမှုမှာ တရားလို ဖြစ်တဲ့ ဗိုလ်ကြီး နေဇော်ထက်ကို စတင် စစ်ဆေးပါတယ်။ သူကတော့ တိုင်စာပါတဲ့အတ်ိုင်း တရားရုံးမှာ ထွက်ဆိုတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြော သည်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က လူငယ်တဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး စစ်ဆေးရာတွင် ၎င်းမှာ ပြီးခဲ့သော ဧပြီလအတွင်း ရက္ခိုင်စစ်တပ် (AA) ထံတွင် သွားရောက်၍ စစ်သင်တန်း တက်ရောက်ခဲ့ကြောင်း၊ ထိုသို့ သွားရောက်ရာတွင် ဦးစိန်ချစ်နှင့် ဦးရဲနိုင်ဦးတို့က သွားရေး၊ လာရေး အဆင်ပြေစေရန် ကူညီပေးခဲ့ကြောင်း စသည့် စွပ်စွဲချက်များဖြင့် တရားစွဲ ဆိုထားကြောင်းလည်း သိရသည်။
အဆိုပါ အမှုတွင် မအူပင်မြို့နယ်အတွင်းက စရဖ အဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် နယ်ထိန်း ရဲအရာရှိများ အပါအဝင် တရားလိုပြ သက်သေ ၁၁ ဦး ပါဝင်ပြီး လာမည့် ဒီဇင်ဘာလ ၁ ရက်ကို ထပ်မံ ရုံးချိန်း ပေးလိုက်ကြောင်းလည်း အမှုအား လိုက်ပါ ဆောင်ရွက်သူ ရှေ့ နေက ဆိုသည်။
ရခိုင့် ဦးဆောင် ပါတီ (AFP) ပါတီဝင်လည်းဖြစ်၊ ပရဟိတ သမားလည်း ဖြစ်သူ ဦးစိန်ချစ်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး၊ နောက်ပိုင်းတွင် ဦးရဲနိုင်ဦးကို အမှုတွဲအဖြစ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အလားတူ သံတွဲမြို့အမှတ် (၇) ရပ်ကွက်မှ အမျိုးသမီး ၃ ဦးကိုလည်း PDF နှင့် ပတ်သက်ဆက်နွယ်မှု ရှိသည်ဟုဆိုကာ ယခုလ နိုဝင်ဘာလ ၃ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက် ဖမ်းဆီးခဲ့ပြီး၊ တရားရုံးမှ ချုပ်ရမန်ယူပြီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။
မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ တဦးဖြစ်သူ အသက် ၂၃ နှစ် အရွယ် ကိုအောင်နိုင်မြင့်ကိုလည်း ပြီးခဲ့သော အောက်တိုဘာလ ၁၅ ရက်က PDF အဖွဲ့နှင့် ပတ်သက် ဆက်နွယ်မှု ရှိသည်ဟု ဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် များက ကျေးရွာအတွင်းသို့ လာရောက် ဖမ်းဆီးခဲ့သည်။
လက်ရှိ အချိန်တွင် အဆိုပါ ကိုအောင်နိုင်မြင့်ကို မြောက်ဦးမြို့နယ် တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၀) ဖြင့် တရားစွဲတင်ထားကြောင်း အစ်ကိုဖြစ်သူ ကိုအောင်မြင့်က ပြောသည်။
၎င်းက “ကျနော့်ညီက ဘယ်အဖွဲ့နဲ့မှလည်း ပတ်သက်မှု မရှိဘူး။ ရဲစခန်းမှာလည်း ကျနော်တို့ ပြောပြတယ်။ သူတို့ကတော့ တရားရုံးမှာပဲ ရှင်းဆိုပြီး ပြောတယ်။ ကျနော်တို့နဲ့ တွေ့ခွင့်လည်း မရဘူး။ လာမယ့် ရုံးချိန်းကတော့ ဒီလ၂၆ ရက်မှာပါ။ အဲဒီ နေ့ အမှု စစ်ဆေးမယ်လို့တော့ သိရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိ အခြေအနေတွင် PDF တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သည် ဟုဆိုကာ သံတွဲမြို့ ခံ ၅ ဦးနှင့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ ကိုအောင်နိုင်မြင့် စုစုပေါင်း ၆ ဦး တို့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အသီးသီး အမှုဖွင့်ကာ တရားစွဲဆိုထားသည်။
You may also like these stories:
ဆေးတပ်သား အမျိုးသမီး ၉ ဦးကို ဓားစာခံအဖြစ် စစ်တပ်ခေါ်သွားဟု ကလေး PDF ပြော
သံတွဲ PDF ဖွဲ့စည်းမှု ဂယက်ရိုက်