မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ပုဒ်မနှစ်ခုထပ်တိုးကာ တရားစွဲခဲ့ပြီး ထပ်တိုးအမှုများအတွက် ယမန်နေ့က မြို့နယ်တရားရုံးများတွင် စတင် စစ်ဆေးသည်။
တရားစွဲရာတွင် စစ်ကောင်စီခန့် မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယ ညွှန်ကြားရေးမှုး ဦးကျော်ကျော်စိုး က တရားလိုလုပ်၍ အမရပူရမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ)ဖြင့် ဦးတိုက်လျှောက်ထား တရားစွဲခဲ့သလို အောင်မြေသာစံမြို့နယ်တရားရုံးတွင်လည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။
“မနေ့က ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲတင်လာတယ်၊ အမရပူရဘက်က ရာဇသတ်ကြီး ပုဒ်မ ၁၇၁ နဲ့ စွဲပြီး စတင်တယ်၊ အောင်မြေသာစံမှာလည်း ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က) နဲ့ စွဲတင်လာတယ်၊ နှစ်မှုထပ်တိုးတာပေါ့၊ တရားသူကြီးတွေက ဒေါက်တာဇော်မြင့်မောင်ကို တရားစွဲထားတဲ့အကြောင်း ဖတ်ပြတယ်၊ ဒေါက်တာဇော်မြင့်မောင်က ငြင်းဆိုခဲ့ပြီး ရှေ့နေနဲ့ ဆောင်ရွက်မယ်လို့ ထွက်ဆိုတာကြောင့် လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ကို ရုံးချိန်း ပေးထားပြီး လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတွေ ပါဝါတင်မယ်”ဟု ဒေါက်တာဇော်မြင့်မောင်အမှုများအား အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ပြောသည်။
စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၂၀ ရွေးကောက်ပွဲ ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်း အပါအဝင် ၁၆ ဦးကို ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် စပ်လျှဉ်း၍ တရားစွဲမည်ဟု နိုဝင်ဘာ ၁၆ ရက်တွင် ကြေညာခဲ့ပြီးနောက် ဒေါက်တာဇော်မြင့်မောင်အား ထပ်တိုး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဒေါက်တာရဲလွင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တိုင်းအတွင်းရေးမှုး ဦးတင်ကိုကို တို့အား စွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အမှုများကိုလည်း နိုဝင်ဘာ ၂၂ ရက်နေ့ ရုံးချိန်းတွင် တရားခံပြ သက်သေများကို ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုအခါ ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရ အဖွဲ့ဝင်များအား မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ထားပြီး အဆိုပါ အမှုများအတွက် နိုဝင်ဘာ၂၂ ရက်က အိုးဘိုအကျဉ်းထောင် အထူးတရားရုံးဖြင့် စစ်ဆေးနေခြင်းဖြစ်ပြီး ယင်းအမှုများအတွက် ဒီဇင်ဘာလ တတိယပတ်တွင် အမိန့်ချနိုင်ဖွယ်ရှိကြောင်း သိရသည်။
“မနေ့က ရုံးချိန်းမှာတော့ မြို့နယ်အမှုတွေ အကုန် စစ်ဖြစ်တယ်၊ ၅၀၅(ခ) အမှုတွေနဲ့ သဘာ၀ဘေးနဲ့စွဲတာတွေပေါ့၊ သက်သေစစ်ဆေးတာတွေက ကုန်သလောက် ရှိနေပြီ၊ အကုန်လုံးကို ခြုံပြောရမယ်ဆိုရင် တရားခံပြသက်သေတွေကို စစ်ဆေးတဲ့အဆင့် ရောက်နေပြီးပေါ့၊ အချို့အမှုတွေက အမိန့်ချရမယ့် အဆင့်ကို ရောက်နေပြီပေါ့၊ သို့သော် အမိန့် မချနိုင်သေးဘူး၊ ကျနော်တို့ သုံးသပ်ချက်အရတော့ တစ်ပြိုင်တည်း အမိန့်ချမယ်လို့ ထင်တယ်၊ ဒီဇင်ဘာလ တတိယပတ်ထဲမှာ အမိန့်ချနိုင်ဖွယ် ရှိတယ်”ဟု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ပြောသည်။
ဒေါက်တာ ဇော်မြင့်မောင်အား အောင်မြေသာစံမြို့နယ်တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ၁ မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ၂၅/၃၀(က)ဖြင့် ၂ မှု၊ မန္တလေးတိုင်း တရားလွှတ် တော်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် အမှု ၅ မှု၊ စုစုပေါင်း အမှု ၈ မှုဖြင့် တရားစွဲဆိုထားပြီး ဖြစ်ရာ ယခုအခါ အမှု ၁၀ ထိ တရားစွဲဆိုထားခြင်းဖြစ်သည်။
အလားတူ မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်ကိုလည်း ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် မန္တလေးမြို့ တော် ဝန် ဒေါက်တာရဲလွင် အသုံးပြုနေသည့် Ye Lwin Facebook အကောင့်မှနေ၍ စည်ပင်ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ အား CDM ပြုလုပ်ရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင် က တရားလိုပြုလုပ်၍ ဖေဖော်ဝါရီ ၁၈ ရက်တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် အောင်မြေသာစံမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။
မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်အမှုအတွက် တရားခံပြသက်သေအဖြစ် ၁၀ ဦးကျော်ထိ တင်ပြထားပြီး အများစုမှာ စစ်ဆေးပြီးစီးပြီဖြစ်သလို ဒေါက်တာရဲလွင်ကိုယ်တိုင်လည်း အာဏာသိမ်း စစ်ကောင်စီက စွဲဆိုသည့် ပုဒ်မ ၅၀၅(ခ)အတွက် အပြစ်မရှိဟု ထွက်ဆိုထားသည်။
ထို့ပြင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်ကိုလည်း သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၂၅/၃၀(က) နှစ်မှုတို့ဖြင့် မဟာအောင်မြေမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားပြီး ယခုအခါ တရားခံပြ သက်သေ များ အားလုံးနီးပါး စစ်ဆေးပြီးစီးကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်သည် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အစိုးရသစ် ဖွဲ့စည်းပြီးချိန်ထိ မန္တလေးတိုင်း အစိုးရအဖွဲ့ လက်အောက်ရှိ နိုင်ငံ့ဝန်ထမ်းများကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုး၍ ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်ပြန်ခဲ့မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့သည်။
ဝန်ကြီးဦးမျိုးသစ်ကို ချမ်းအေးသာစံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာမြင့်က တရားလိုပြုလုပ်၍ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ယခုအခါ တရားခံပြသက်သေများကို စစ်ဆေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာပင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းကိုလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ၁ မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအမှု ၁ မှုတို့ဖြင့် တရားစွဲဆို ထားခြင်း ခံထားရသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တိုင်းအတွင်းရေးမှူး ဦးတင်ကိုကိုသည်လည်း ဇန်နဝါရီလက ကျုံးမြို့ရိုးဘေး တွင် ပြုလုပ်ခဲ့သည့် COVID 19 ရောဂါ ကာကွယ်ရေးအတွက် ရည်ရွယ်လုပ်ဆောင်သည့် တဦးနှင့်တဦး အသိပေး၊ သတိ ပေး မိသားစု စီမံချက် (Version 3) ဖွင့်ပွဲ တက်ရောက်ခဲ့သည်ဟုဆိုကာ အောင်မြေသာစံမြို့နယ်တရားရုံးတွင် သဘာ၀ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၂၅/၃၀(က) နှစ်မှုဖြင့် တရားစွဲဆိုထားသည်။
ဦးတင်ကိုကို အနေဖြင့် ယင်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ချိန်တွင် မိသားစုဝင်တဦး ကိုဗစ်ရောဂါ ကူးစက်ခံထားရသဖြင့် ကွာရန်တင်း ဝင်နေရချိန်ဖြစ်ကြောင်း တရားခွင်တွင် ထွက်ဆိုထားသလို မြို့နယ် ကျန်းမာရေးဌာနကလည်း သက်သေ အဖြစ် လာရောက် ထွက်ဆိုပေးထားကြောင်း သိရသည်။
မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်များအား စွဲဆိုထားသည့် အမှုများအနက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လျှင် ထောင်ဒဏ် နှစ်နှစ်အထိဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီး ဥပဒေ၌ ပြဋ္ဌာန်းထားသလို သဘာဝဘေး အန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လျှင် ၃ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) သည် ရွေးကောက်ပွဲ၌ မလျော်သြဇာသုံးမှု(သို့) သူတပါး အယောင်ဆောင်မှု ဖြစ်ပြီး မည်သူမဆို ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးမှု (သို့) သူတပါး အယောင်ဆောင်မှုကို ကျုးလွန်၍ အပြစ်ရှိ ကြောင်း တရားရုံးက ဆုံးဖြတ်လျှင် ၁ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသလို ခြွင်းချက်အနေဖြင့် ပါလီမန်ဆိုင်ရာ လွှတ်တော် တရပ်ရပ်နှင့် စပ်လျဉ်း၍၊ သူတပါး အယောင်ဆောင်မှု ကျုးလွန်လျှင်၂ နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားချက် များအရ သိရသည်။
အလားတူ ရာဇသတ်ကြီး ဥပဒေ ၁၃၀-က သည် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လျှင် ၃ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်များအား မြို့နယ် တရားရုံးများတွင် စွဲဆိုထားသည့် အမှုများကို ဒီဇင်ဘာ ၁၀ ရက်သို့ ရုံးချိန်း ပြန်လည် ချိန်းဆိုထားသလို ဒေါက်တာ ဇော်မြင့်မောင် တဦးတည်း အား မန္တလေးတိုင်း တရား လွှတ်တော်တွင် စွဲဆိုထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ အမှု ၅ မှုကို နိုဝင်ဘာ ၂၆ ရက်သို့ ရုံးချိန်း ချိန်းဆိုထားကြောင်း သိရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် အတွက် ဒေါက်တာဇော်မြင့်မောင် တရားရုံးလာရောက် သက်သေထွက်ဆိုဖို့ ပျက်ပြယ်
သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တို့အား သဘာဝဘေး အမှုအတွက် ဒီဇင်ဘာ ၆ ရက်နေ့ အမိန့်ချမည်