သတင်း

ဝန်ကြီး ဦးသောင်းထွန်းကို အဂတိမှုဖြင့် အမှုဖွင့်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဖြစ်သူ ဦးသောင်းထွန်းအား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ယမန်နေ့က အမှုဖွင့်လိုက်ကြောင်း စစ် ကောင်စီက ထုတ်ပြန်လိုက်သည်။

၎င်းအနေဖြင့် တာဝန်ထမ်းဆောင်စဉ် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းပေါ်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် မြေ ၉ ဒသမ၂၂ ဧကပေါ်ရှိ နေရာအား ပုဂ္ဂလိက ကုမ္ပဏီတခုသို့ နှစ် ၃၀ ငှားရမ်းရာတွင် ပေါက်ဈေးထက် လျော့၍ ငှားရမ်းသည် ဟုဆိုကာ အမှုဖွင့်ခြင်း ဖြစ်သည်။

ယင်းမြေနေရာသည် ကာလပေါက်ဈေးအရ ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၀ မှ ၁၅ ဒေါ်လာကြားရှိသော် လည်း ၆ ဒသမ ၅ ဒေါ်လာနှုန်းဖြင့်သာ ငှားရမ်းခဲ့သည့်အတွက် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော် နစ်နာခဲ့သည်ဟု စစ်ကောင်စီက ဆိုထားခြင်း ဖြစ်သည်။

ယင်းပြင် ရန်ကုန်မြို့ရှိ မြေငှားရမ်း အသုံးချမှု ပရီမီယံကြေးအနေဖြင့် ၁ ဧကလျှင် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁ သန်း ဖြစ် သော်လည်း မြေ ၉ ဒသမ၂၂ ဧကအတွက် ပရီမီယံကြေး ၂ ဒသမ ၄ သိန်းကျော်သာ ပေးသွင်းစေခဲ့သည့်အတွက် အမေရိ ကန် ဒေါ်လာ ၈ ဒသမ ၉ သန်းကျော် နစ်နာခဲ့သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အငြိမ်းစား သံမတ်ဟောင်း တဦးဖြစ်သူ ဦးသောင်းထွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရလက်ထက်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီး၊ နိုင်ငံတော် လုံခြုံရေး အကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ တာဝန်များလည်း ပူးတွဲ ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဦးသောင်းထွန်းအနေဖြင့် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး နေ ပြည်တော်တွင် နေအိမ် အကျယ်ချုပ်ဖြင့် ချုပ်နှောင်ခံထားရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အ သင်း (AAPP) က ထုတ်ပြန်ထားသည်။

You may also like these stories:

ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မနှစ်ခုဖြင့် ထပ်မံ တရားစွဲ

ဒေါ်အောင်ဆန်းစုကြည် အတွက် ဒေါက်တာဇော်မြင့်မောင် တရားရုံးလာရောက် သက်သေထွက်ဆိုဖို့ ပျက်ပြယ်

အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ဦးသောင်းထွန်း

Loading