ကြာသပတေးနေ့တွင် ဗီဒီယိုဖြင့် ကျင်းပသည့် နှစ်ရက်ကြာ အာရှနှင့် ဥရောပမှ ခေါင်းဆောင်များထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း မြန်မာစစ်ကောင်စီက အိမ်ရှင် ကမ္ဘောဒီးယား နိုင်ငံသို့ အကြောင်းကြားသည်ဟု အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သတင်းရင်းမြစ်များပြောသည်။
အာရှ-ဥရောပ အစည်းအဝေး (ASEM) တွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် မသက်ဆိုင်သူကိုသာ တက်ရောက်စေရန် မြန်မာနိုင်ငံကို အကြောင်းကြားခဲ့ကြောင်း သိရသည်။ ASEAN က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့်ဖြစ်သည့် ဖရိုဖရဲအခြေအနေများကြောင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အစည်းအဝေးများတွင် ဖယ်ထုတ်ထားရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုအစည်းအဝေးတွင် ထိုအတိုင်း ဆက်လက်ဆုံးဖြတ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ဆွေးနွေးမှုများကိုလေ့လာရန် အလုပ်အဖွဲ့တခုကိုသာ စေလွှတ်မည်ဟု အကြောင်းပြန်ကြောင်း အထက်ပါသတင်းရင်းမြစ်များကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ရေးသည်။
ယခုတကြိမ်နှင့်ဆိုလျှင် မြန်မာသည် ဘရူနိုင်းက လက်ခံကျင်းပသည့် ASEAN ထိပ်သီးဆွေးနွေးပွဲနှင့် တရုတ်က အိမ်ရှင်အဖြစ် တနင်္လာနေ့ကကျင်းပသည့် ASEAN-တရုတ် ထိပ်သီးဆွေးနွေးပွဲအပါအဝင် ASEAN နှင့်ပတ်သက်သည့် ထိပ်သီးဆွေးနွေးပွဲများနှင့် ဝေးခဲ့သည်မှာ မကြာသေးမီရက်သတ္တပတ်များအတွင်း ၃ ကြိမ်ရှိပြီဖြစ်သည်။
မြန်မာစစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူပြီး ဆန္ဒပြကန့်ကွက်သူများကို ရက်စက်ကြမ်းကြုတ်စွာနှိမ်နင်းသောကြောင့် နိုင်ငံတကာက စိုးရိမ်ပူပန်မှုများ ဖေါ်ပြခဲ့သည်။
ပဋိပက္ခတွင် ပါဝင်ပတ်သက်သူ အားလုံးနှင့်ဆွေးနွေးပွဲများ ကျင်းပရေး ASEAN ၏ အားထုတ်မှုတွင် စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် ASEAN နိုင်ငံအချို့က စစ်ကောင်စီကို ဝေဖန်သည်။
ASEM တွင် ဥရောပနိုင်ငံ ၃၀ နှင့် အာရှမှ ၂၁ နိုင်ငံအပါအဝင် စုစုပေါင်း ၅၁ နိုင်ငံပါဝင်ပြီး ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေးကလည်း အလားတူအချိုးအစားအတိုင်း ကိုယ်စားပြုသည်။
ASEAN တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်သည်။
ကိုးကား။ ။ Bangkok Post
You may also like these stories:
တရုတ်-ASEAN ထိပ်သီးဆွေးနွေးပွဲ မြန်မာစစ်ခေါင်းဆောင် မပါ
စုဖွဲ့ခေါင်းဆောင်မှုနှင့် NUCC ၏ ခြေလှမ်း
သန်းနှင့်ချီသော အမေရိကန် J&J ကိုဗစ်ကာကွယ်ဆေးများ ထိုင်း-မြန်မာ နယ်စပ် ပို့မည်
တရုတ်က မြန်မာကို ထိပ်သီးဆွေးနွေးပွဲ ဖိတ်လိုသော်လည်း ASEAN နိုင်ငံများ လက်မခံ