သတင်း

အရာတော်တွင် ပျူစောထီးများက ဒေသခံများ၏ စီးပွားရေးလုပ်ငန်းများကို ခြိမ်းခြောက်နေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကျေးရွာများတွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများက ဒေသခံများ၏ စီးပွားရေးလုပ်ငန်းများကို ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အရာတော်မြို့နယ် ငွေတွင်းရွာ၊ စပါးတွင်းရွာ၊ သလဲဘာရွာ၊ ကန်ရင်းရွာနှင့် သစ်ကျင်းကြီး အစရှိသည့် ကျေးရွာများရှိ ဒေသခံများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များနှင့် အဆက်အသွယ် မပြုလုပ်ရန်၊ ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ရန်နှင့် ရွာရှိသူများက ပူးပေါင်း ပါဝင်ကြရန် ပြောဆိုပြီး လိုက်နာခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်နှင့် စီးပွားရေး လုပ်ငန်းများကို ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် ပျူစောထီးများက ၎င်းတို့၏ အသက်ကို ထိပါးလာပါက တရွာလုံး မီးရှို့ပစ်မည်ဆိုကာ ပြောဆိုခြိမ်းခြောက်လာသည့် အပြင် လက်ရှိတွင်လည်း အရာတော်မြို့နယ်ရှိ ကျေးရွာများမှ တိမ်းရှောင်နေသူများ၏ ကွမ်းခြံများကို ရေမလောင်းရ၊ ကွမ်း မခူးရ ဟု ချိတ်ပိတ်မှုများကိုပါ ပြုလုပ်နေကြောင်းလည်း ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“သူတို့တွေရဲ့ အဓိက စီးပွားရေးက ကွမ်းခြံတွေ ဖြစ်တယ်။ အဲဒီတော့ ဒါတွေကို ဖိအားပေးပြီး ခြိမ်းခြောက်တာတွေ လုပ်တာ ပေါ့။ ပျူစောထီးတွေက အခု နိုဝင်ဘာလလယ်လောက်က စပြီး ပေါ်ပေါ်ထင်ထင် သောင်းကျန်းနေကြတာ။ အရင်ကတော့ သင်တန်းပေးတယ်၊ ခေါင်းဆောင်ပိုင်း လက်နက်ပေးတယ်လောက်ပဲ သိတာ။ အခုကတော့ တပ်နဲ့ အတူရောပြီး ရွာခံတွေ ကို ခြိမ်းခြောက်တာတွေ ရွာထဲ မွှေတာတွေ လုပ်လာတာ” ဟု ဒေသခံ တဦးက ပြောသည်။

အဆိုပါ အရာတော်မြို့နယ် တောင်ပိုင်းရှိ မလဲသာ၊ ကန်ရင်း အစရှိသည့် ရွာများရှိ ဒေသခံများက စားဝတ်နေရေးအတွက် ကွမ်းခြံများကို အဓိက စိုက်ပျိုးရောင်းချသည့် ဒေသများဖြစ်ပြီး ယခု ဆောင်းရာသီဆိုလျှင် ကွမ်းခူးချိန် ရောက်ပြီဖြစ်သော ကြောင့် ပျူစောထီးများ၏ ရန်ကြောက်နေရကြောင်း ၎င်းက ပြောပြသည်။

ယခုလလယ်ပိုင်းမှ စတင်ပြီး ပျူစောထီးများ သောင်းကျန်းနေသောကြောင့် ဒေသခံများအနေနှင့် ကွမ်းခြံစိုက်ပျိုးရေး သာမ က တခြား သီးနှံစိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း အလုပ်အကိုင်များ ပျက်ရကာ၊ လယ်ထဲလယ် ထွန်နေသည့်သူများကို ပင် ဖမ်းဆီးခြင်းမျိုးလည်း ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများက ကျေးရွာများအတွင်းသို့ မကြာခဏ ဝင်ရောက်ခြင်းများ ရှိသောကြောင့် ဒေသခံများက မိမိတို့ လယ်၊ တောင်ယာ၊ ခြံလုပ်ငန်းများကို စွန့်ပြီး ထွက်ပြေး တိမ်းရှောင်ရသည်များလည်း ရှိနေသည်။

ဆက်လက်၍ ဒေသခံတဦးက “ပုံမှန်ကတော့ စစ်တပ်က ဝင်နေတဲ့ရွာတွေမှာတော့ တချို့ မနေရဲကြဘူး။ နောင်ကြီးအိုင်မှာ ဆိုလည်း ရွာထဲအထိ ပစ်ခတ်မှုတွေ ဖြစ်တယ်။ ဒီလိုဆိုတော့ ပုံမှန်ပြေးနေရတဲ့ ရွာက နှစ်ရွာနဲ့ သုံးရွာလောက် ရှိတယ်ဗျ။ စစ်တပ်တွေလာရင် တခြားရွာကို ပြောင်း၊ သူတို့ မရှိရင် ရွာကို ပြန်ဝင်လာတယ်ပေါ့။ ရှောင်နေရတာတော့ လူဦးရေ နှစ် ထောင်နဲ့ သုံးထောင်လောက် ရှိတယ်။ တိုက်ပွဲဖြစ်ပြီးတော့ တောက်လျောက် ရှောင်နေရမျိုးတော့ မရှိဘူးပေါ့နော်။ ဟိုဘက် ရှောင်လိုက် ဒီဘက်ရှောင်လိုက်ပေါ့” ဟု လက်ရှိ အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာများ၏ အခြေအနေကို ပြောပြသည်။

ထို့ပြင် နိုဝင်ဘာလ၂၃ ရက် မနက်ပိုင်းကလည်း အရာတော်မြို့နယ်၊ သလဲဘာကျေးရွာတွင် လက်နက်ကိုင် ပျူစောထီးများ က စစ်ဆေးစရာရှိသည်ဟုဆိုကာ ရွာသားနှစ်ဦးကို ဖမ်းဆီးသွားပြီး တဦးမှာ ထွက်ပြေးသောကြောင့် မူးမြစ်ကမ်းဘေးရှိ သောင်ပြင်တွင် သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။ ထို ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ သလဲဘာကျေးရွာ အရှေ့ပိုင်းတွင် ကုန်စုံဆိုင်ဖွင့်ထားသည့် အသက် ၄၀ ဝန်းကျင်ရှိ ကိုမင်းနိုင်ဆိုသူ ဖြစ်သည်။

ပြီးခဲ့သည့်လကလည်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများအနေဖြင့် ရှောက်ခါးကျေးရွာရှိ အရပ်သား နေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများမှာ ၎င်းတို့ကို ကြောက်ရွံ့ထိတ်လန့်နေရကြောင်း ပြောဆိုကြသည်။

You may also like these stories:

စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် တိုက်ခိုက်ခံရ

မုံးကိုးတွင် MNDAA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေ

ဆေးတပ်သား အမျိုးသမီး ၉ ဦးကို ဓားစာခံအဖြစ် စစ်တပ်ခေါ်သွားဟု ကလေး PDF ပြော

Loading