ချင်းပြည်နယ် ထန်တလန်မြို့တွင် ၂ လကျော်အတွင်း ယမန်နေ့က ၈ ကြိမ်မြောက် မီးထပ်မံလောင်ရာ နေအိမ် ၄၉ လုံး မီးထဲ ပါသွားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှ စ၍ စစ်တပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီက မြို့တွင်းသို့ လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် ပစ်သဖြင့် မီးထပ်မံလောင်ရာ နေအိမ် ၄၉ လုံး ပြာကျခဲ့ခြင်း ဖြစ်သည်။
စစ်တင်ဘာလ ၉ ရက်နေ့မှစကာ စစ်တပ်က ပစ်သည့် လက်နက်ကြီး၊ လက်နက်ငယ်များကြောင့်လည်ကောင်း မီးရှို့မှု များကြောင့် လည်ကောင်း ထန်တလန်မြို့ မီးလောင်ခဲ့သည်မှာ ၈ကြိမ်တိုင် ရှိခဲ့ပြီဖြစ်ပြီး စုစုပေါင်း နေအိမ် ၂၅၄လုံးခန့် ဆုံးရှုံးခဲ့ရပြီဖြစ်သည်။
ယမန်နေ့က ဖြစ်ရပ်တွင် နေ့လယ် ၃ နာရီခွဲခန့်မှစ၍ ဇုန်မွှန်ရပ်ကွက်၌ မီးလောင်ရာ နေအိမ် ၃၆ လုံး ဆုံးရှုံးခဲ့ပြီးနောက် ပစ်ခတ်သံများ တိတ်သွားပြီး ညနေ ၆ နာရီခန့်တွင် အဆိုပါ ရပ်ကွက်၌ပင် မီးထပ်မံလာင်ရာ နေအိမ် ၁၀ လုံး၊ စိုက်ပျိုး ရေး ရပ်ကွက်တွင် ၃ အိမ်လုံးမီးလောင်ခဲ့သည်။
ညနေပိုင်း ပစ်ခတ်သံများ ငြိမ်သွားပြီးနောက် မီးလောင်ကျွမ်းမှုသည် စစ်ကောင်စီတပ်သားများက မီးရှို့သည်ဟု ယူဆ ရကြောင်း CDF – ထန်တလန်မှ တပ်ဖွဲ့ဝင် တဦးက ပြောသည်။
“သေနတ်သံတွေ ငြိမ်သွားပြီ လက်နက်ကြီးသံတွေလည်း ငြိမ်သွားပြီ။ သေချာတာကတော့ တမင်သက်သက် မီးပြန်ရှို့ တာပေါ့။ ရှို့မီး ဖြစ်ဖို့ များတယ်။ သူတို့ မီးရှို့တာက မနည်းတော့ဘူးလေ။ CDF ကပစ်တဲ့ နေရာတိုင်းကို အကုန်လုံး မီးရှို့တဲ့ သဘောရှိတယ်။ သူတို့က ပစ်ကွင်းရှင်းအောင်လုပ်တာပေါ့။ နောက်တခုက ဒီလိုဖြစ်ရင် ကျနော်တို့ CDF ဘက် က အိမ် မီးရှို့ပါတယ်ဆိုတဲ့ဟာမျိုး ဖြစ်အောင်လုပ်တယ်လို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ထန်တလန်မြို့ တွင် ဖြစ်ပွားခဲ့သည့် ကြီးမားသော မီးလောင်မှုတွင် နေအိမ် ၁၆၄ လုံး မီးလောင်ပြာကျခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုသည် စစ်တပ်က လုပ်ဆောင်ခြင်း မဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နေအိမ် များကို မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ချေပထားသည်။
ထိုသို့ စစ်ကောင်စီက ငြင်းချက်ထုတ်ထားသော်လည်း ဒေသခံမျက်မြင်တွေ့ရှိသူများက စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ သည်ကို မျက်မြင်တွေ့ရှိသူသည်ဟု အခိုင်အမာ ဆိုထားသည်။
ထန်တလန်မြို့တွင် စစ်တပ်က ဝင်ရောက်စီးနင်း တပ်စွဲထားသည့်အပြင် နေအိမ်များပါ မီးရှို့ခံနေရသည့်အတွက် ဒေသခံ ပြည်သူများ အနေဖြင့် မြို့ကို စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် စစ်ကောင်စီအင်အား အနည်ဆုံး ၇၀ ခန့်သည့် မြို့တွင်း တပ်စွဲထားကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ထန်တလန်မြို့တွင် စက်တင်ဘာလ ၉ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီ က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ နေအိမ် ၁ လုံး မီးလောင်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်နေ့တွင်လည်း လူနေအိမ် ၁၉ လုံး မီးလောင်ကျွမ်းခဲ့သည်။
အလားတူပင် အောက်တိုဘာလ ၂၉ ရက်နေ့ မီးလောင်ကျွမ်းမှုတွင် နေအိမ် ၁၆၄ လုံး၊ နိုဝင်ဘာ ၆ ရက်နေ့ တွင် နေအိမ် ၉လုံး၊ နိုဝင်ဘာ ၉ ရက်တွင် ၂လုံး၊ နိုဝင်ဘာ ၁၀ ရက်တွင် ၇လုံး ၊ နိုဝင်ဘာ ၁၁ ရက်နေ့ နေအိမ် ၃ လုံး လောင် မီးကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်းကျွမ်းမှုတွင် ၎င်း၏ နေအိမ်လည်း ပါဝင်ခဲ့သည့် ထန်တလန် ဒေသခံတဦးက “ပြည်သူတွေရဲ့ အသက်အိုးအိမ စည်းစိမ်တွေကို ကာကွယ်ပေးဖို့ ပြည်သူ့တပ်မတော်ကို တည်ထောင်တယ်ပေါ့။ ပြောတာနဲ့ လုပ်တာတခြားစီ၊ သူတို့ လုပ်တဲ့ ပုံစံက လူတစုရဲ့ အသုံးချခြင်းကို ခံနေရတဲ့ အကြမ်းဖက်စစ်တပ်လို ဖြစ်သွားတာပေါ့” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “CDF တို့ PDF တို့ ဆိုတာ တိုက်ပွဲတခု လုပ်မယ်ဆိုရင်တောင် အခြေအနေ အရပ်ရပ်ကို သုံး သပ်ပြီးမှ ပြည်သူလူထုတွေ အထိအခိုက် မရှိအောင် ပြည်သူလူထုရဲ့ နေအိမ်တွေ မပျက်စီးအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ပထမဦးစားပေး အချက်မှာ ထည့်သွင်းတာကိုး။ ဒါပေမယ့် မင်းအောင်လှိုင်ရဲ့ စစ်တပ်ကတော့ အဲဒီလို မဟုတ် ဘူး။ သူတို့ဘက်မှာ အကျအရှုံးများပြီဆိုရင် ပြည်သူလူထုရဲ့ ပစ္စည်းတွေကို ခိုးတယ်၊ နေအိမ်တွေကို ဖျက်ဆီးတယ် ပြည်သူတွေကို သနားကြင်နာခြင်း မရှိ ရမ်းသမ်းပစ်၊ ပြည်သူတွေ ထိခိုက်မှာ ဘာမှ စိုးရိမ်စိတ် မရှိဘူး”ဟု ဆိုသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ က လက်နက်ကြီးဖြင့် ပစ်ခတ်ရာတွင် လောင်ကျွမ်းနေသော မီးကို ငြှိမ်းသတ်ရန် သွားရောက်ခဲ့သည့် သင်းအုပ်ဆရာတဦးကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ခဲ့သည့် ထန်တလန်မြို့တွင် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ် (ထန်တလန်)နှင့် စစ်ကောင်စီတပ် များ ထိတွေ့ တိုက်ပွဲများ စတင်ခဲ့သည်။
You may also like these stories:
ဖလမ်းတွင် စစ်ကောင်စီတပ်က ဘုရားကျောင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီး
စစ်ကောင်စီ စွပ်စွဲသလို ဘာသာရေး သွေးခွဲခြင်းမဟုတ်ဟု ချင်းနှင့် ကချင် ခရစ်ယာန်အဖွဲ့ချုပ်များ ပြော