ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် ကျေးရွာအနီးရှိ ဟိုဖိတ်ရွာတွင် ယနေ့ နံနက်ပိုင်း၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ စစ်တပ် (KA) တို့ကြား ရင်ဆိုင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီးမော့ဆိုမြို့နယ် တဝိုက်တွင် စစ်ရေး တင်းမာနေကြောင်း KNDF ထံက သိရသည်။
လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် KNDF ကြား အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အနေအထား ရှိနေကြောင်း KNDF ပြန်ကြားရေးဌာန တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ အမှတ် (၄၂၇) တပ်ရင်းမှ စစ်သည်အင်အား ၁၀၀ ကျော်သည် နံနက် ၅ နာရီအချိန်လောက်မှ စတင်ကာ လက်နက်ကြီး ပစ်ကူများဖြင့် စစ်ကြောင်း ထိုးဝင်လာရာမှ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ နံနက် ၉ နာရီဝန်းကျင်တွင် ပစ်ခတ်မှု မရှိတော့ဘဲ တိုက်ပွဲ ခေတ္တငြိမ်နေကြောင်း KNDF ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက ပြောသည်။
တိုက်ပွဲအတွင်း KNDF ဘက်မှာ ရဲဘော် ၄ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNDF ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်သည်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဟိုဖိတ်ရွာသား ၇ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း KNDF ထံမှ သိရသည်။
ဒီးမော့ဆိုမြို့နယ် ဒေသခံတဦးကလည်း နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီဘက်က ရုတ်တရက် အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာသဖြင့် ဟိုဖိတ်ရွာသူရွာသား ၁၀၀ ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ ရ ကြောင်း ပြောပြသည်။
“အဓိက ပြေးရတာက အမျိုးသားတွေ များတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေက ရှေ့ရက်တွေမှာ ကြိုတင်ပြီး တိမ်းရှောင် နေကြတာ။ နယ်မြေက အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်လို့လေ။ တချို့ အမျိုးသားတွေကတော့ အိမ်ကို စောင့်ရမှာနဲ့ ဘာနဲ့ ကျန် ခဲ့တာပေါ့။ အဲဒါ စစ်တပ်ဘက်က ဝင်လာတော့ ပြေးရတာပေါ့” ဟု ၎င်းက ဆိုသည်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ဦးဗညားကမူ ဟိုဖိတ်ရွာသည် ရှမ်းနှင့် ပအို့ဝ်လူမျိုးများနေထိုင်ရာ ရွာဖြစ်ပြီး လက်ရှိ အချိန်တွင် တိုက်ပွဲများကြောင့် အဆိုပါ ရွာမှ ထွက်ပြေး တိမ်းရှောင်နေရသူ ခန့်မှန်းခြေ ၁၀၀၀ ဝန်းကျင် ခန့်ရှိနေကြောင်း ပြောသည်။
“သူတို့က ဝင်လာတော့ KNDF တပ်ရင်း ၉ နဲ့ ထိပ်တိုက် တိုက်ပွဲ ဖြစ်တယ်။ ရွာသားတွေက အနောက်ဘက်အခြမ်းကို ရွှေ့ သွားတယ်။ အဝင်မှာတော့ ရွာသားတချို့ကို သူတို့ဖမ်းသွားတဲ့ အလားအလာတော့ မရှိဘူး။ ဒါပေမယ့် အထွက်မှာကတော့ ဖြစ်နိုင်ချေ အများကြီး ရှိတယ်။ ပြန့်ကျဲပြေးနေတဲ့ လူတွေကို ဖမ်းသွားတာတွေ ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ အချိန်တွင် ရွာသူ၊ ရွာသား အများစုမှာ စစ်ရေး တင်းမာနေသဖြင့် ဟိုဖိတ်ရွာသို့ မပြန်ရဲကြသေးကြောင်း ဦးဗညား က ဆိုသည်။
လတ်တလောတွင် ဆောင်းရာသီ ဝင်လာပြီဖြစ်သဖြင့် စစ်ရှောင် ရွာသူ၊ ရွာသားများတွက် အနွေးထည်၊ မိုးကာနှင့် ကုန် ခြောက်များ အဓိက လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများထံမှသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ရွာနှင့် ဒေါပိုးစီရွာဝန်းကျင်၊ ဒီးမော့ဆိုမြို့နယ် ရဲစခန်း အနီးနှင့် လွိုင်ကော်မြို့နယ် ပန်းကန်ရပ်ကွက်တို့၌ စစ်ကောင်စီတပ်နှင့် KNDF တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
ယင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ကြောင်း KNDF ထံက သိရသည်။
You may also like these stories:
မုံးကိုးတွင် MNDAA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေ
ဆေးတပ်သား အမျိုးသမီး ၉ ဦးကို ဓားစာခံအဖြစ် စစ်တပ်ခေါ်သွားဟု ကလေး PDF ပြော